အင်းတော်မြို့နယ်တွင် စက်သုံးဆီဈေးများ မြင့်တက်လျှက်ရှိ
15 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စက်သုံးဆီဈေးများမြင့်တက်နေပြီး ဆီပြတ်လပ်မှုများရှိလာမှာကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှသိရသည်။
အင်းတော်မြို့နယ်တွင် ဓာတ်ဆီတစ်လီတာဈေးမှာ လေးထောင့်ငါးရာမှ ငါးထောင်ဈေးထိ မြင့်တက်နေပြီး ဒီဇယ်ဆီဈေးမှာလည်း တစ်ဂါလံ ၂ သောင်းထိ ရှိနေကြောင်း အင်းတော်ဒေသခံတစ်ဦး ပြောသည်။
“ဆီဈေးက အရင်ကတော့ တစ်ဂါလံ သောင်းသုံးထောင်ပဲရှိတယ်။ ဒါကတော့ ပုံမှန်ဈေးပါပဲ အခုကတော့ တစ်ဂါလံ သောင်းကိုးထောင်၊ နှစ်သောင်းထိဈေးပေါက်နေပြီ တစ်နေရာနဲ့တစ်နေရာတော့ မတူဘူပေါ့။ အင်းတော်မြို့မှာက သောင်းရှစ်ထောင် နဘားရွာမှာကျ နှစ်သောင်းလေးထောင်၊ မော်လူးမှာကတော့ သောင်းကိုးထောင်ကနေ နှစ်သောင်းထိ ရှိနေတယ်။”ဟု ၎င်းကဆိုသည်။
အင်းတော်မြို့နယ်ရှိ ဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဆီက တလောကတော့ ပြတ်သွားသေးတယ်၊ အခုကတော့ ဆီကားတွေပြန်သွားနေပြန်ပြီ ဒါပေမဲ့လည်း ဆီတွေပြတ်သွားပြန်မှာစိုးလို့ ချင့်ချိန်ပြီးရောင်းပေးနေရတယ်။ ပြန်ဝယ်ရတဲ့ဈေးကလည်း မြင့်နေသေးလို့ ဈေးကလည်း ပြန်မကျသေးဘူး။”ဟု ပြောသည်။
ဆီဈေးမြင့်တက်နေမှုကြောင့် ဒေသခံများလည်း အခက်တွေ့နေကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာက အခြေနေကမတည်ငြိမ်သေးတော့ တစ်ခုခုဆို စစ်ရှောင်ကြရတယ်။ သွားလာတဲ့နေရာမှာ ကားတွေ၊ ဆိုင်ကယ်တွေပဲ အသုံးပြုရတော့ ဆီထည့်ရတယ်လေ အခုမှာ ဆီဈေးတွေ တအားမြင့်နေတော့ စစ်ရှောင်ရင်တောင် ဆီဖိုးပိုက်ဆံရှိမှ ရှောင်ရမယ့်ပုံပေါက်နေတယ်။ တစ်ချို့ဆိုင်တွေကလည်း ဈေးကျတဲ့ခါဝယ်စုထားပြီး ဈေးတက်လာပြီဆိုမှ ထုတ်ရောင်းကြတာတွေ ရှိတယ်။”ဟု အင်းတော်မြို့နယ် မော်လူးမြို့ဒေသခံတစ်ဦး ပြောသည်။
ယခုအချိန်တွင် ကသာခရိုင်အတွင်းရှိ ကသာ၊ ဗန်းမောက်၊ ထီးချိုင့် စသည့်မြို့နယ်များတွင်လည်း စက်သုံးဆီဈေးများ မြင့်တက်လျှက်ရှိနေကြောင်း သိရသည်။