ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဖြစ်၊ စကစ က မိုင်ဂျာယန်မြို့သို့ လက်နက်ကြီးလှမ်းပစ်
15 December 2023 – Kachinwaves
စစ်ကောင်စီစခန်းကုန်းများမှ KIO ထိန်းချုပ်ဒေသ မိုင်ဂျာယန်မြို့နှင့် KIO ဌာနချုပ်ရှိရာလိုင်ဇာဒေသသို့ ယနေ့နံနက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုရှိကြောင်း သိရသည်။
ယနေ့နံနက် ၁၁ နာရီဝန်းကျင်က တရုတ် – မြန်မာနယ်စပ်ရှိ မိုင်ဂျာယန်မြို့ကို စစ်ကောင်စီက လက်နက်ကြီး ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ မြို့လူနေရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိုင်ဂျာယန်ေဒသခံတစ်ဦးက ဆိုသည်။
“ကလေးနှစ်ယောက်ထိတယ်။ တစ်ယောက်ကလက်မှာ၊ တစ်ယောက်ကခေါင်းမှာတဲ့။”
ထိခိုက်သူများ၏ အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးပါ။
လက်နက်ကြီးကို မိုင်ဂျာယန်မြို့နှင့် အနီးဆုံး စစ်ကောင်စီထိန်းချုပ်သည့် နယ်စပ်မြို့ငယ်ဖြစ်သော လွယ်ဂျယ်မြို့အထက် ယော်ယုံတောင်စခန်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှေးမနှောင်းပင် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးပတ်ဝန်းကျင်တွင်လည်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း စစ်ရေးနီးစပ်သူ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
“အပြန်အလှန်ပစ်ကြတယ်။ အလဲန့်ဘွမ် (KIA) ကနေ ငါးချက်လောက်ပစ်တယ်။ လိုင်ဇာမြို့ဘက်တော့ မပစ်ဘူး။ မုန်လိုင်ခက်လား၊ မိုင်ဆာပါဘက်လား ပစ်တယ်”
စစ်ကောင်စီအထိုင်ချထားသည့် ဘွမ်ရဲတောင်နှင့် ခါယာတောင်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်အကွာ မုန်လိုင်ခက်ကျေးရွာဘက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ မိုင်ဆာပါကားရပ်နားစခန်းပတ်ဝန်းကျင်တွင်မူ လေကြောင်းတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ယနေ့လက်နက်ကြီး ပစ်ခတ်မှုမဖြစ်ပွားမီ ယနေ့နံနက်အစောပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးရွာ ပြည်သူ့စစ်စခန်းနှင့် ဝိုင်းမော်မြို့နယ် ဘော်ဆာဒီးရွာရှိ ဦးရွှေမင်းပြည်သူ့စစ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တာလောကြီးပြည်သူ့စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့နှစ်ရက်ဆက်တိုက် မြစ်ကြီးနား – ဗန်းမော်လမ်းကြောတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
===