တာလောကြီး ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီး စကစ အုပ်ချုပ်ရေး ဝန်ထမ်းများကို လိုက်လံဖမ်းဆီး
15 December 2023 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းအစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တာလောကြီးကျေးရွာထိပ်ရှိ တာလောကြီးပြည်သူ့စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခဲ့ကြောင်း တာလောကြီးဒေသခံတစ်ဦးက ဆိုသည်။
“ညတည်းက မနက်ထိ ရပ်ရွာလူကြီးနဲ့ အုပ်ချုပ်ရေးမှူးတွေ၊ တချို့ပြည်သူ့စစ်ဟောင်းတွေကို လိုက်ဖမ်းနေတယ်။”
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ကျေးရွာပတ်ဝန်းကျင်တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
“စစ်တပ်ဘက်က လေယာဉ်နဲ့ အပေါ်စီးပစ်နေလို့ အခြေအနေဆိုးကုန်ပြီ။ ရွာထဲဝင်မလာအောင် ဆုတောင်းရုံပဲ”
အရပ်သားထိခိုက်မှု မရှိသေးဟု ကျေးရွာဒေခံများက ခန့်မှန်းပြောဆိုကြပြီး Kachinwaves က ဖြစ်စဉ်နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အောက်တိုဘာလအတွင်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီ၏ အောင်ဂျာစခန်းကုန်းနှင့် ကန်တော်ယန် စခန်းကုန်းသိမ်းတိုက်ပွဲများအပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအရှိန်လျော့ကျနေရာမှ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် KIA၊ KPDF တို့ကြား တိုက်ပွဲရက်ဆက် ထပ်မံဖြစ်ပွားလာခြင်း ဖြစ်သည်။