မော်လူးရဲစခန်းကို ရှင်းလင်းရေးလုပ်ဆောင်စဉ် စကစ ရဲနှင့်စစ်သား ၁၇ ဦး၏ အလောင်းနှင့် လက်နက်များတွေ့ရှိ
14 December 2023 -Kachinwaves
ဒီဇင်ဘာ ၁၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မော်လူးရဲစခန်းကို ရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီ ရဲနှင့်စစ်သား ၁၇ ဦးသေဆုံးပြီး လက်နက်ငယ် ၂၄ လက်အပြင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ စစ်ကောင်စီရဲများတွင် ရဲမေတစ်ဦးပါဝင်ကြောင်း သိရသည်။ ထို့အပြင် တိုက်ပွဲအတွင်း KPDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးရဲစခန်းကို ယမန်နေ့နံနက်အစောပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။
မော်လူးရဲစခန်းမှ သေနတ် ၂၄ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်အပါအဝင် မိုင်း၊ လက်ပစ်ဗုံး၊ ကျည်၊ ကျည်ဘောက်၊ ဖုန်း၊ ဆက်သွယ်ရေးစက် စသည်တို့ကို ရရှိခဲ့ကြောင်း Northern ABSDF မှ ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၇ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြထားသည်။
မော်လူးမြို့ စခန်းသိမ်းတိုက်ပွဲအား အမှတ် (၁) စစ်ဒေသ၏ ကွက်ကဲမှုဖြင့် ကချင်လွတ်မြှောက်ရေးတပ်မတော် (KIA)၊ KPDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့မှ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။