မြောက်ပိုင်းညီနောင်သုံးဖွဲ့ နှင့်တွေ့ဆုံမှုရှိသော်လည်း စစ်ကောင်စီက အလစ်အငိုက် တိုက်ခိုက်သည်ဟုဆို
13 December 2023 – Kachinwaves
မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် အပစ်ရပ်မည်ဟု စစ်ကောင်စီကြေညာခဲ့သည့်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အလစ်အငိုက် စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းတို့ကို စစ်ကောင်စီဘက်က ပြုလုပ်ခဲ့သည့်အတွက် MNDAA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ေကြာင်း သိရည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တော်လှန်ရေးတပ်ဖွဲ့နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် သိန္နီမြို့တွင်ရှိသည့် စကခ ၁၆ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ PLA ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိသည်။
“ရှမ်းမြောက်ဘက်မှာ အပစ်ရပ်ထားတုန်း စစ်တပ်က ချောင်းပစ်တယ်လေ။ ကျွန်တော်တို့ဆီက တစ်ယောက်ကျ၊ တစ်ယောက်ခြေထောက်ထိ၊ တစ်ယောက်လက်ပြတ်သွားတယ်။”ဟု PLA ရဲဘော်တစ်ဦးက ဆိုသည်။
သိန္နီမြို့အနောက်တောင်ဘက်ခြမ်းတွင် စစ်ကောင်စီထောင်ခဲ့သည့် မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်ချိန် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ရဲဘော်များကို ဆေးကုသရာနေရာသို့ သွားရောက်ပို့ဆောင်စဉ် စကခ ၁၆ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်မီဒီယာကဖော်ပြထားသည်။
တစ်ရက်တည်းတွင်ပင် ကိုးကန့်ဒေသ၊ တာရွှေထန်ကျေးရွာအုပ်စု၊ ဟုန်ရှိထုပ်ဟော်ရွာ အနောက်တောင်ကုန်းရှိ MNDAA ၏ ခံတပ်စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
၄၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင်လည်း MNDAA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သူ ၆ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေသည့် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ကပြီး ဒီဇင်ဘာလကုန်အထိ ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် လေကြောင်းပစ်ခတ်မှု၊ စစ်အင်အားဖြည့်တင်းမှုများကို စစ်တပ်ကဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်း ပြည်သူလူထုတစ်ရပ်လုံးမျှော်မှန်းထားသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုမည်မဟုတ်ဘဲ နောက်ပြန်လှည့်ရန်မရှိကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ထုတ်ပြန်ကြေညာထားသည်။
===