Breaking News: မော်လူးရဲစခန်းအား တပ်ပေါင်းစု မဟာမိတ်အဖွဲ့များမှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့
13 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရဲစခန်းအား ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် KPDF တို့ အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ယနေ့နံနက် နှစ်နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်အင်အား ၃၀ ကျော်ခန့်ရှိ မော်လူးရဲစခန်းအား စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့ကို အလင်းဝင်ဖို့ အရင်ဖိတ်ခေါ်တယ် လက်မခံလို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ ၅ နာရီနီးပါးလောက် တိုက်ခိုက်လိုက်ရတယ်။ တိုက်ပွဲအတွင်း မိုးညှင်းရှိ အမြှောက်တပ်မှလည်း လက်နက်ကြီး ပစ်ကူတာတွေရှိခဲ့တယ်။”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သားများမှာ အများအပြားသေဆုံးခဲ့ပြီး စစ်သုံ့ပမ်းများလည်း ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း အများအပြားရရှိခဲ့ကြောင်း ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များမှ မော်လူးမြို့ပေါ်သို့ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မော်လူးနယ်ရှိ ဒေသခံ တစ်သောင်းကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။