စစ်ကောင်စီရဲနှင့် စစ်သားများ၏ ကားနှင့် ပွတ်တိုက်မိသည့် လူတစ်ဦး ဖမ်းဆီးစဉ် ပစ်သတ်ခံရ
12 December 2023- Kachinwaves
အရပ်ဝတ်ထားသည့် စစ်ကောင်စီရဲနှင့် စစ်သားများ လိုက်ပါလာသည့်အိမ်စီးကားနှင့် အရပ်သားစီးနင်းလာသည့်ဆိုင်ကယ် ပွတ်တိုက်မိရာမှ အရပ်သားပစ်သတ်ခံရသည့်ဖြစ်စဉ် ယမန်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
အိမ်စီးကားနှင့် လိုက်ပါလာသည့် လက်နက်ကိုင်အုပ်စုသည် အရပ်ဝတ်ထားသည့် စစ်ကောင်စီရဲနှင့် စစ်သားများဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောဆို ကြသည်။
ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်တွင် လက်နက်ကိုင်လူတစ်စု စီးနင်းလိုက်ပါလာသည့် အိမ်စီးကားနှင့် အရပ်သားတစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီး ပွတ်တိုက်မိရာမှ အချင်းများခဲ့ကြကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ကားနဲ့ ဆိုင်ကယ် ပွတ်လိုက်တာမှ ကားပေါ်ပါတဲ့သူတွေက ဆိုက်ကယ်သမားကို ဆဲဆိုကြိမ်းမောင်းတာ။ ဆိုင်ကယ်သမား လူငယ်က မောင်းပြေးတာကြောင့် ကားနဲ့လိုက်ပြိးလူငယ်ကို ဖမ်းတာ”
ထို့နောက် ဆိုင်ကယ်မောင်းနှင်သည့်လူငယ်မှာ ကျွန်းတောတံတားပေါ်မှ နန့်ရင်းချောင်းအတွင်းသို့ ခုန်ချထွက်ပြေးရာ အရပ်ဝတ်ထားသည့် စစ်ကောင်စီရဲနှင့် စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ဆိုင်ကယ်သမား လူငယ်က မလွတ်တာကြောင့် ကျွန်းတော တံတားပေါ်က ခုန်ချရေကူးပြေးတာ။ ကားပေါ်ပါသူတွေက သေနတ်တွေနဲ့ ဝိုင်းပစ်တာ တံတားပေါ် ခုန်ချတဲ့ လူငယ် သေနတ်ထိမှန် သေဆုံးသွားပြီ”
ပစ်သူခံရသူမှာလူငယ်၊ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပရဟိတအဖွဲ့အစည်းက သယ်ဆောင်သွားကြောင်း သိရသည်။ သေဆုံးသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမူ မသိရှိရသေးပါ။
မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင်လည်း အရပ်သားဖမ်းဆီးမှုများကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး အရပ်သားနှစ်ဦးမှာ စစ်ကြောရေးတွင် ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။