နှုံးဘူးဗျူဟာကုန်းကို AA အပြီးသတ်သိမ်းပိုက်
11 December 2023 – Kachinwaves
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသော နှုံးဘူးဗျူဟာ စခန်းကို ယမန့်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ ထုတ်ပြန်လိုက်သည်။
ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီတပ်၏ ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား နိုဝင်ဘာလ (၁၄) ရက်နေ့မှစတင်ပြီး ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီး နှုံးဘူးဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညအချိန်တွင် အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
“နှုံးဘူးဗျူဟာ အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။”
တစ်ရက်မှ မနားခဲ့သော ၂၇ ရက်ကြာ စခန်းကုန်းသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း AA က အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း သိရသည်။