တာရင်တောင် (ခေါ်) လေးမျက်နှာ ဘုရားကုန်းပြန်လည် ရရှိရန် စကစ စစ်ကြောင်းထိုး
11 December 2023 – Kachinwaves
လောက်ကိုင်မြို့အဝင်၊ တုန်ချိန်ရပ်ကွက်တောင်ဘက်ခြမ်းရှိ လေးမျက်နှာဘုရားတည်ထားသည့် တာရင်တောင်ကိုပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီလေကြောင်း၊ ကုန်းကြောင်းဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး တာရင်တောင်ကိုပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီသည် တုန်ချိန်ရပ်ကွက်မှ အင်အားများထုတ်နုတ်ပြီး တာရင်တောင်ဘက်သို့စစ်ကြောင်းထိုးလာရာ MNDAA အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း The Kokang မီဒီယာ က ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့ကလည်း တုံချိန်ရပ်ကွက်တောင်ဘက်နှင့် မြောက်ဘက် တည်နေရာများမှ အပြန်အလှန်ပစ်ခတ်နေကြပြီး တာရင်တောင်ခြေကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့ကြောင်း လောက်ကိုင်တွင် ကျန်ရစ်သည့် အရပ်သားပြည်သူတစ်ဦးက ဆိုသည်။
“မနေ့ကတော့ တနေကုန်နီးပါး ဟိုဘက်၊ ဒီဘက် ငါတို့ခေါင်းပေါ်ကျော်ပြီးပစ်တယ်။ ပြီးတော့လေယာဉ်လာပစ်တာ အခန်းပြတင်းမှန်တွေနဲ့ ကျည်မှန်ထားတဲ့မှန်ချပ်ကြီး ကျကွဲသွားတယ်။”
MNDAA သည် လောက်ကိုင်မြို့အတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
စစ်ကောင်စီက ပြန်လည်ရယူနိုင်ရန် အပြင်းအထန် ကြိုးစားနေသည့် တာရင်တောင်သည် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် နှစ်မိုင်သာကွာဝေးပြီး ယင်းတောင်ကို ဒီဇင်ဘာ ၅ ရက်နေ့က ကိုးကန့် (MNDAA) တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တာရင်တောင် (ခေါ်) လေးမျက်နှာဘုရားကုန်းပေါ်မှ လောက်ကိုင်တစ်မြို့လုံးကို အပေါ်စီးမှကြည့်ရှုနိုင်သည်။