ဝန်းသိုမြို့ လက်မလွှတ်ရေးအတွက် စစ်ကြောင်းလှုပ်ရှားနေသည့် စစ်တပ်နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်
11 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် ဝန်းသိုဒေသတော်လှန်ရေးတပ်ဖွဲ့များ နှစ်ရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့သည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်နေ့) က ဝန်းသိုမြို့နယ်၊ ကနဖော့ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဆယ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ကောလင်းဘက်မှ ဝန်းသိုဘက်သို့ စစ်ကြောင်းထိုးလာသည့် ခမရ ၃၆၉ နှင့် ခမရ ၁၂၀ ပူးပေါင်းစစ်ကြောင်းနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ကျောက်စရစ်ကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝန်းသိုဒေသခံတစ်ဦးကဆိုသည်။
“ကျောက်စရစ်ကုန်းရွာကို မီးရှို့တဲ့ ခမရ ၃၆၉ နှင့် ခမရ ၁၂၀ အင်အား ၁၀၀ လောက်နဲ့ ကျောက်စရစ်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အထိအတွေ့ ဖြစ်သေးတယ်။ ခဏလေးဖြစ်သွားတာ။ စစ်ကောင်စီဘက်က ၁၃ ဦး ဒဏ်ရာရပြီးတော့ ကာကွယ်ရေးအဖွဲ့ဘက်က နှစ်ဦးထိခိုက်တယ်တဲ့”
နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦးဝန်းကျင် ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ယင်းစစ်ကြောင်းနှစ်ကြောင်းသည် ဒီဇင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက ဝန်းသိုမြို့ပတ်ဝန်းကျင်ရှိ ကျောက်တိုင်ရွာ၊ အာမခံရွာ၊ မိဿလင်ဂျင်းရွာ၊ ဇီးဖြူပင်နှင့် ချယားကုန်း၊ ကျောက်စရစ်ကုန်း စသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် အထိုင်စခန်းများဖြစ်သည့်သင်တိုင်းတောင်၊ ကျောက်တိုင်းတောင်နှင့် ခမရ ၁၂၀ တို့မှ လက်နက်ကြီးများဖြင့် ဝန်းသိုမြို့ဘက်၊ မြို့အနီးရှိကျေးရွာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသို့ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်နေကြောင်းလည်း သိရှိရသည်။
မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာများမှ ထိခိုက်ပျက်စီးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဝန်းသိုမြို့နယ်သည် စစ်ကောင်စီမြို့သိမ်းခံရသည့် ကောလင်းမြို့နယ်နှင့် ဆက်စပ်နေပြီး မြို့နယ်နှစ်ခုကြား အထိုင်ချထားသည့် ဝန်းသိုစစ်တပ်က ကောလင်းပြန်လည်ရရှိရေးနှင့် ဝန်းသိုမြို့ကို လက်မလွှတ်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။