မြန်မာနိုင်ငံဟာ တခြားနိုင်ငံတစ်ခုက ကျူးကော်ခံရတာ မဟုတ်ကြောင်း တီမောလက်စတေးနိုင်ငံသမ္မတ ပြောကြား
9 December 2023 – Kachinwaves
မြန်မာနိုင်ငံဟာ တခြားနိုင်ငံတစ်ခုက ကျူးကော်ခံရတာ မဟုတ်ပဲ၊ ၂၀၂၄ ခုနှစ်မှာ နိုင်ငံအတွက် ရောင်နီလာချိန်၊ ဒီမိုကရေစီ မွေးဖွားလာချိန်၊ လွတ်လပ်ခြင်း အသစ်ရရှိချိန်ဖြစ်ဖို့ ဝိုင်းဝန်းဆုတောင်ပေးကြဖို့ တီမောလက်စတေးနိုင်ငံသမ္မတ ဂျိုးဆေးရာမို့ဟောတာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
စစ်တပ်အတွက်လည်း စစ်မတိုက်ရဘဲ စစ်တန်းလျား ပြန်နိုင်မယ့် သမိုင်းဝင် အခွင့်အရေးရှိနေတယ်လို့ တီမောလက်စတေးနိုင်ငံသမ္မတက တိုက်တွန်း ပြောကြားပါတယ်။
“အပစ်အခတ်ရပ်ဖို့ လက်နက်ချဖို့ သေနတ်တွေကို စစ်တန်းလျားမှာပဲ ပြန်ထားဖို့ အခွင့်အရေးကြီးရှိနေပါတယ်။ သင်တို့ရဲ့ ပြည်သူတွေကို ထပ်ပြီး မသတ်ဖြတ်ပါနဲ့တော့။ မြန်မာပြည်သူတွေအတွက်၊ အရှေ့တောင်အာရှအတွက်၊ အာရှသားတို့အတွက် နောက်ထပ် ဒီမိုကရေစီရရှိဖို့ ဘဝအသစ်တစ်ခုရရှိဖို့ အခွင့်အရေးဟာ သင်တို့ရဲ့ လက်ထဲမှာ ရှိနေပါတယ်။”
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြည်သူ့တပ်မတော်နဲ့ လျှောက်လှမ်းပြီး အချင်းချင်းရိုင်းပင်ကူညီကာ ဆိုးယုတ်မှုတွေကို အဆုံးသတ်ကြဖို့လည်း ပြောကြားပါတယ်။
၎င်းက “ခရစ္စမတ်ပွဲတော် မကျင်းပနိုင်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်၊ မူစလင်ဘာသာဝင်၊ လရစ်ယန်ဘာသာဝင်များအတွက် ခရစ္စမတ်ဆိုတာက လူသားဆန်မှုနဲ့ စည်းလုံးညီညွတ်မှုအတွက် သတင်းစကားနဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်။ အားလုံးပဲ Merry Christmas and Happy New Year ပါ။”လို့ သတင်းစကားပါးထားတဲ့ ရုပ်သံကို NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
အမျိုးသာညီညွတ်ရေးအစိုးရ NUG နဲ့ တီမောလက်စတေး (အရှေ့တီမော) နိုင်ငံဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
၎င်းဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီက တီမောလက်စတေး သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
လက်ရှိ တီမောလက်စတေးနိုင်ငံသမ္မတ ဂျိုးဆေးရာမို့ဟောတာ ဟာ မြန်မာနိုင်ငံသို့ ၁၉၉၄ ခုနှစ် ဇူလိုင်လမှာ ပထမအကြိမ် ကရင်ပြည်နယ်ကနေ တရားမဝင်ရောက်ရှိခဲ့ပြီး မာနယ်ပလောမှာ (၁၀) ရက်ကြာ နေထိုင်ခဲ့ကြောင်းနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သံတမန်ရေးရာ သင်တန်းတွေပို့ချပေးဖို့ သွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တီမောနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၂၀၀၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ ထပ်မံသွားရောက်ခဲ့ပြီး အဲဒီအချိန်က မြန်မာစစ်တပ်နဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အမြဲမျက်ခြေမပြတ် ကြည့်ရှုနေခဲ့တယ်လို့ ပြောကြားထားပါတယ်။