NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စကစ လက်နက်ကြီးဖြင့် ပစ်ခတ်သလို စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်း ရှိနေ
8 December 2023 – Kachinwaves
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ပထမဆုံး လက်လွတ်ခဲ့ရသည့် ကောလင်းမြို့ကို ပြန်လည်ရယူနိုင်ရေးအတွက် ကြိုးစားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ကောလင်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးလာခြင်းများရှိနေသည်။
ဒီဇင်ဘာ ၇ ရက်နေ့ည (ယမန်နေ့ည) ၈ နာရီက ဝန်းသိုစစ်တပ်ကုန်း ခမရ (၁၂၀) မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Kawlin Info မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဆိုသည်။
“ဝန်းသိုက လက်နက်ကြီးနဲ့ လှမ်းထုတာရှိတယ်။ ဒရုန်းနဲ့ထုခံရလို့ ပျက်နေတာ ၁၀ ရက်လောက်ရှိပြီ။ မနေ့ကမှ ထပ်လာတာ”
ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက်ပိုင်း ဝန်းသိုစစ်ကောင်စီအထိုင်တပ်က ကောလင်းမြို့ဘက်သို့ နေ့တိုင်းလိုလို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဆိုသည်။
နိုဝင်ဘာ ၂၄ ရက်နေ့က မြို့အတွင်းရှိ မင်းတဲကြီးရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နောက်အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကောလင်းလျှပ်စစ်ခွဲရုံအနီးတွင် နေထိုင်သည့်အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။
ကောလင်းကို ပြန်လည်ရရှိရေးအတွက် ဝန်းသိုနှင့် ကန့်ဘလူဘက်မှ စစ်ကောင်စီ စစ်သားနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေပြီး မြို့သိမ်းပြီးနောက်ပိုင်း ယင်းစစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။
“နှစ်ကြိမ်ဖြစ်တယ်။ ဝန်းသိုဘက်က တစ်ခါလာတယ်။ ကန့်ဘလူဘက်က ဝါသဝတပည့် (ပြည်သူ့စစ်)တွေ တစ်ခါလာတယ်။ ရာကျော်သေတယ်”
နိုဝင်ဘာ ၁၀ ရက်နေ့က ကျွန်းလှမြို့နယ်မှ ကောလင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် မဘသဘုန်းကြီး ဦးဝါသဝ၏ ပြည်သူ့စစ်အုပ်စုကို ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာတွင် ကန့်ဘလူ တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဝန်းသိုဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နိုဝင်ဘာ ၁၁ ရက်နေ့က ကောလင်းမြို့မြောက်ဘက်၊ ဝါးရုံတုန်းရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး အသက်ဆုံးရှုံးခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ဝန်းသိုစစ်တပ်မှ ကောလင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာပြီး မြို့နှင့်သုံးမိုင်အကွာရှိ မိုးကောင်းတောင်တွင် တပ်စွဲထားကြောင်း သိရှိရသည်။
AA၊ KIA နှင့် စစ်ကိုင်း၊ မကွေးရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိ ကောလင်းမြို့ကို NUG အစိုးရက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တယား အသက်သွင်းနိုင်ရန် ကြိုးစားနေသည်။