ဗိုလ်မှူးချုပ်အဆင့်ရှိ အမှတ် (၁၂) ယာယီ စကခမှူး သေဆုံး
7 December 2023 – Kachinwaves
ကိုးကန့်ဒေသအတွင်း ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MNDAA အဖွဲ့က လိုက်လံပစ်ခတ်ခဲ့ရာ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ ယာယီဌာနချုပ်မှူး ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦး သေဆုံးကြောင်း ကိုးကန့်မီဒီယာမှ ထုတ်ပြန်သည်။
ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းစသည့် ဒေသများမှ တပ်စခန်းများကို MNDAA ကိုးကန့်အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးကြရာ လိုက်လံရှာဖွေပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရှောက်ကိုင်ဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့တပ်ဖွဲ့ကို လိုက်လံပစ်ခတ်ရာမှ ဒီဇင်ဘာ ၆ ရက်နေ့တွင် အမှတ် (၁၂) စကခမှူး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း The Kokang က ဖော်ပြထားသည်။
သေဆုံးစစ်ကောင်စီတပ်ဖွဲ့သည် စစ်တက္ကသိုလ်အမှတ်စဉ် (၄၁)မှ တပ်ရင်းမှူးအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်းဖြစ်ပြီး စစ်ရေးအဟုန်မြင့်စဉ်ကာလအတွင်း စကခမှူးအဆင့်သို့ ယာယီတိုးပေးလိုက်ခြင်းဖြစ်မည်ဟု ယူဆရကြောင်း CDM ဗိုလ်ကြီးထက်မြက်က ဆိုသည်။
“စိတ်ကူးယဥ်ထားတာဖြစ်မှာပေါ့။ ဒါမှမဟုတ် တမင်တိုးပေးလိုက်တာလည်း ဖြစ်မယ်”
အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တည်ရှိသည်။