ဓာတုဗုံးတိုက်ခိုက်မှုများကြားမှ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်သည်ဟု AA ပြော
6 December 2023- Kachinwaves
ရက္ခိုင့်တပ်တော် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအနက် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အခြားတစ်ခုကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း AA သတင်းထုတ်ပြန်သည်။
ကုလားတန်မြစ်နံဘေးရှိ တရွန်အိုင်ဗျူဟာကုန်းနှင့် နှုန်းဘူးဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် ရဟတ်ယာဉ်ရပ်နားကွင်း နှစ်ကွင်းပါသည့် တရွန်အိုင်ဗျူဟာကုန်းကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဓာတုဗုံးတိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရရှိသည်ဟု AA ထုတ်ပြန်သည်။
နှုန်းဘူးဗျူဟာကုန်းကိုမူ ယနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူဖြင့် အပြင်းအထန် ခုခံနေသည်ဟု ဆိုထားသည်။
ရက္ခိုင့်တပ်တော် AA သည် 1027 စစ်ဆင်ရေးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း စတင်ခဲ့ပြီးနောက် ပထမနေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်း၊ စစ်ဆင်ရေး ဒုတိယနေ့ တွင် “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်း၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် မောင်တောအခြေစိုက် “ဒုံးညို” နယ်ခြားစောင့်တပ်စခန်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဘူးသီးတောင်အခြေစိုက် “ခထီးလှ” တပ်စခန်းတို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း AA သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်းကုန်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် AA တပ်သားများ လိုအပ်နေကြောင်းလည်း ယမန်နေ့က AA က ထုတ်ပြန်ခဲ့သည်။