အင်းတော်မြိုနယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော် ဘက်ပြောင်း ခိုလှုံလာ
4 December 2023 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံကာ အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နောက်ဆုံးထားကာ ပြည်သူ၊ လူထုဘက်မှရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပြီးနောက် စစ်အုပ်ချုပ်ရေးလက်အောက်တွင် အလုပ်လုပ်နေသည့် Non-CDM ဝန်ထမ်း ၁၀၀ ကျော် အလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
“တစ်ချို့ Non-CDM ဝန်ထမ်းကျတော့ မြို့သိမ်းတွေစပြီဆိုကတည်းက အထုပ်ပိုက်ပြီး ထွက်ပြေးလာကြတယ်။ တချို့ကျတော့ အလင်းဝင်ရန် ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက်မှာမှ ဝင်လာကြတယ်။ ကျနော်တို့ကတော့ အားလုံးကိုစုပြီး Camp တစ်ခုမှာထားပြီးတော့ စစ်ကောင်စီနဲ့ထပ်ပြီး မပတ်သက်ဖို့ ခံဝန်လက်မှတ်ထိုးစေပြီး နေရပ်မှာ ပြန်နေဖို့ ခွင့်ပြုထားတယ်။ ထပ်ပြီး ဝင်ရောက်လာမယ့် သူများရှိရင်လည်း ကြိုဆိုပါတယ်။”ဟု ၎င်းအုပ်ချုပ်ရေးအဖွဲ့ဝင်အမျိုးသားမှ ဆိုသည်။
အလင်းဝင်ရောက်လာသူများမှာ လက်နက်မဲ့ ဝန်ထမ်း ၁၀၂ ဦးသားပါဝင်ပြီး လက်နက်ကိုင်ဝန်ထမ်းများ မပါဝင်သေးကြောင်း တော်လှန်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးမှ ပြောသည်။
“အရင် ၆ လပိုင်းလောက်တုန်းကတော့ မဲဇာရဲစခန်းကနေ ရဲတစ်ယောက်၊ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ခဲ့တယ်။ နောက်ပြီး စစ်တပ်ကုန်းကနေ စစ်သား ၅ ယောက် လက်နက်အပြည့်အစုံနဲ့ တခြားဒေသက လက်နက်ကိုင်အဖွဲ့တွေဆီ အလင်းဝင်ခဲ့တာတွေ ရှိခဲ့တယ်။ အခုကျတော့ အလင်းဝင်တဲ့ထဲမှာ လက်နက်ကိုင်ထားတဲ့ ရဲနဲ့စစ်သားတွေတော့ မပါသေးဘူး။”ဟု ၎င်းအမျိုးသမီးမှ ဆိုသည်။
စစ်ကောင်စီလက်အောက်မှ ပြည်သူ့အစိုးရဘက်သို့ ခိုလှုံကာ အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် CDM ဝန်ထမ်းများကို ထိထိထိထိရောက်ရောက်ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက်ပါဝင်ကူညီခြင်း ပြုခဲ့သည်ဟု ခိုင်လုံသည့်အထောက်အထားရှိပါက အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ကြားကာလအတွင်း သတ်မှတ်ထားသည့် ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ခြင်းနှင့် သတ်မှတ်ချိန်ကာလအတွင်း အလင်းဝင်ရောက်ခြင်းမရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖမှ ထုတ်ပြန်ထားသည်။