မုန်းမြို့ပေါ်ရှိတပ်စခန်းများအားလုံးကို KNU နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
4 December 2023 – Kachinwaves
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ရာ ယနေ့ ညနေ ၅ နာရီခွဲအချိန်တွင် မုန်းမြို့ပေါ်ရှိစခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
ပြည်သူလူထုများ၏ သဘောဆန္ဒနှင့် အညီ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပြည်သူလူထုများ၏ သဘောဆန္ဒနှင့် အညီ ထိုတပ်စခန်း များအား တိုက်ခိုက်ချေမှုန်းရခြင်းဖြစ်သည်။”
မုန်းမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မုန်းမြို့သိမ်း တိုက်ပွဲအတွင်း “နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့သည်။”ဟု ထုတ်ပြန်ထားသည်။