အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် ခရီးသည်များ ဖမ်းဆီးခံနေရ
2 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များသည် ခရီးသည်များထံမှ မှတ်ပုံတင်များစစ်ဆေးနေပြီး ဖုန်းထဲရှိ ဓာတ်ပုံများပါ ကွန်ပျူတာဖြင့် မွှေနှောက် စစ်ဆေးဖမ်းဆီးမှုများလုပ်နေကြောင်း Indaw Revolution_IRအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ၂၆ ရက်နေ့တွင် ဗန်းမော်မန်း Express ကားဖြင့် တရုတ်ပြည်မှ အလုပ်လုပ်ပြီးပြန်လာသည့် အသက်၂၅ နှစ်အရွယ်
လူငယ်တစ်ဦးအား အင်းတော် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားလိုက်ကြောင်း ကားပေါ်ပါ ခရီးသည်တစ်ဦးမှ ပြောသည်။
“ကောင်လေးက ကျွန်တော်နဲ့တစ်ကားတည်း အတူတူစီးလာတာ သူက တရုတ်ပြည်မှာ တရားမဝင်အလုပ်လုပ်လို့ ရက် ၅၀ ထောင်ကျပြီး ကန်ပိုင်တီဘက်ကနေ ပြန်ပို့ခဲ့တာလို့ သိရတယ်။ သူ့ဖုန်းကို စစ်တဲ့ခါ သေနတ်ကိုင်ပြီး ဓာတ်ပုံရိုက်ထားတာ တွေ့တာနဲ့ တစ်ခါတည်း အထုတ်ဆွဲချပြီး ဖမ်းထားလိုက်တော့တာ။ သူက PDF ထဲကတော့ မဖြစ်ဟုတ်ဘူး။ အလှအနေနဲ့ သေနတ်ကိုင်ပြီး ရိုက်ထားတာဖြစ်နိုင်တယ်။”ဟု ဆိုသည်။
ထိုဖမ်းဆီးခံခဲ့ရသည့်လူငယ်သည် ကလေးဘက်မှဖြစ်ပြီး ဗမာစကားပင် လည်လည်ဝယ်ဝယ်မပြောတတ်ကြောင်းလည်း ၎င်းခရီးသည်မှ ဆက်ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း ခရီးသည်ကားပေါ်မှ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၈ ရက်နေ့တွင်လည်း အမျိုးသား ၃ ဦး ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း Indaw Revolution-IR အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အင်းတော်ဂိတ်မှာက ဖမ်းဆီးခံနေရတာတွေက အများကြီးပဲ ခဏခဏဖမ်းဆီးခံနေရတာတွေများတော့ ကျွန်တော်တို့လည်း သတင်းမလိုက်နိုင်တော့ဘူး။ ကျွန်တော်တို့မှတ်မိသလောက်ဆိုရင် နိုဝင်ဘာလအတွင်းမှာကို ၆ ယောက်လောက်ရှိပြီ။”ဟု ၎င်းကဆိုသည်။
အင်းတော်မြို့နယ်တွင် နိုဝင်ဘာလအတွင်း ဖမ်းဆီးခံထားရသည့်ပြည်သူ ၁၅ ဦးခန့်ရှိပြီး ၎င်းထဲတွင် အမျိုးသမီး ၄ ဦးပါဝင်ကြောင်း သိရသည်။