စစ်ကောင်စီ၏ မူဆယ်မြို့ နမ့်ပေါ်တပ်စခန်းကို ၅ ရက်မြောက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်
1 December 2023 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို TNLA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က ယနေ့နံနက် ၅ နာရီတွင် သိမ်းပိုက်လိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၅)ရက်အကြာ ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးသားထားသည်။
သိမ်းပိုက်ရရှိသည့် စစ်ကောင်စီစခန်းမှ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်မျိုးစုံ (၃၂)လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်သုံးပန့် (၂)ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြထားသည်။
နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေသည့် ငါးရက်တာကာလအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၂၁) ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် (၅) ကြိမ်၊ Mi 35/Mi 17 များဖြင့် (၃) ကြိမ်ထက်မနည်း လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူများလည်း အသုံးပြုခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေသည့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်ဆင်ရေးတစ်လကျော်ကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်သည်။