မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့ လုယက်မှု ပြန်များလာ
1 December 2023 – Kachinwaves
မြစ်ကြီးနားမြို့ စီတာပူ – တပ်ကုန်း လမ်းမကြီးဘေး (အမှိုက်ပုံလမ်းကြား မရောက်မီ) ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားစဥ် လူငယ် ၄ ဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် လမ်းပိတ်တားဆီးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး အလားတူလုယက်မှု ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့၊ တနင်္ဂနွေနေ့ ည ၉ နာရီခန့်က ဆိုင်ကလုန်းဆိုင်ကယ်ဖြင့် အိမ်ပြန်လာသည့် အမျိုးသားတစ်ဦး တားဆီးလုယက်ခံရကြောင်း စီတာပူရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
ဆိုင်ကလုန်းဆိုင်ကယ်နှင့် အိမ်ပြန်လာစဉ် အဆိုပါ လူငယ်လေးယောက်က တားဆီးရာ ၎င်းတို့ကို ဖျောင်းဖြပြောဆိုသော်လည်း လက်မခံဘဲ ထိုကြိတ်ခံရကာ ဆိုင်ကယ်နှင့် ပါလာသည့်ပိုက်ဆံများကို လုယူမောင်းပြေးသွားကြသည်ဟု အမျိုးသားတစ်ဦးက ပြောသည်။
“တစ်ကိုယ်လုံး အထိုးခံရတာ။ ဘေးပတ်ဝန်းကျင်ကို အော်ပြောသေးတယ်။ ဒါပေမဲ့ ဘယ်သူမှမမြင်ဘူး။ သူတို့ဆိုင်ကယ် မောင်းပြေးသွားတော့ အကူအညီမဲ့သွားတာနဲ့ အိမ်ကို မရရအောင် လမ်းလျှောက်ပြန်ခဲ့ရတယ်။ မသေတာ ဘုရားကျေးဇူးတော်ပါပဲဗျာ။”ဟု ၎င်းအမျိုးသားမှ ပြောပြသည်။
အလားတူဖြစ်ရပ်မျိုး ယခင်ကလည်း ဖြစ်ပွားမှုများခဲ့ပြီး ခေတ္တရပ်တန့်သွားခဲ့ပေမဲ့ ယခုခပ်စိပ်စိပ်ပြန်လည် ဖြစ်ပွားလာခဲ့ကြောင်း မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာပါဘောလုံးကွင်းပြင်အနီး အမှိုက်ပုံလမ်းကြား နေရာများတွင် လုယက်မှု မကြာခဏ ဖြစ်ပွားတတ်သည့် နေရာ ဖြစ်သည်။