ပါတီဥက္ကဌဟောင်း ဦးရွှေမင်းကိုယ်တိုင် ကွင်းဆင်းစုဆောင်းသည့် ပြည်သူ့စစ်စုဆောင်းမှုတွင် သင်းအုပ်ဆရာများလည်း စုဆောင်းခံရ
30 November 2023 – Kachinwaves
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) (သို့) ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်းကိုယ်တိုင်ကွင်းဆင်းပြီး ပြည်သူ့စစ်လိုက်လံ စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က လီဆူလူမျိုးများ နေထိုင်သည့် ဝိုင်းမော်မြို့၊ သာဂရရပ်ကွက်ရှိ လီဆူနှစ်ခြင်းအသင်းတော်သို့ ဦးရွှေမင်းကိုယ်တိုင်လာရောက်ပြီး ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူငယ်များကို ခေါ်ဆောင်သွားကြောင်း လီဆူအမျိုးသမီးတစ်ဦးက ဆိုသည်။
“တနင်္လာနေ့၊ ဒီအပတ်က သာဂရမှာ ပြည်သူ့စစ်လုပ်ဖို့ ဦးရွှေမင်းနဲ့အသင်းတော်က တာဝန်ရှိသူတွေနဲ့ လာညှိသွားတယ်။ ပါသွားတာတော့ လူဦးရေ အတိအကျ မသိဘူးနော်”
လီဆူလူမျိုးတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို လက်နက်ကိုင်ကာကွယ်ရန်အတွက် တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်စစ်မှုထမ်းရမည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမည်စာရင်းမပေးသွင်းပါက နေအိမ်အထိ လာရောက်ခေါ်ယူမည်ဖြစ်ကြောင်းဟု လီဆူဘာသာစကားဖြင့်ရေးသားထားသည့် ထုတ်ပြန်ချက်တစ်ခုပျံ့နှံ့လာခဲ့သည်။
ထုတ်ပြန်ချက်ပျံ့နှံ့ပြီးနောက်ပိုင်း ဝိုင်းမော်မြို့အတွင်းရှိ လူငယ်များမှာ နေအိမ်များမှ အခြားနေရာဒေသများတွင် သွားရောက်နေထိုင်ကြသူများလည်းရှိကြောင်း သိရသည်။
ထို့နောက်နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်းကစပြီး ဦးရွှေမင်း၏ ပြည်သူ့စစ်တပ်ဖွဲ့မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်ကျေးရွာ၊ အောင်မြေ (၁) ကျေးရွာ နှင့် ခတ်ချိုကျေးရွာများရှိ လီဆူအမျိုးသားအချို့ကို ခေါ်ဆောင်ခဲ့ကြောင်း လီဆူအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဝူယန်၊ အောင်မြေ (၁) လူဆွဲသွားတယ်တဲ့။ ၂၅ ရက်နေ့က ခတ်ချိုကျေးရွာ လမ်းခွဲမှာဆွဲတယ်။ ဝိုင်းမော်ပြီးရင် မြစ်ကြီးနား လာမယ်ကြားတယ်”
နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှ လီဆူအမျိုးသားလူငယ်များမှာ ပြည်သူစစ်အဖွဲ့၏ ခေါ်ဆောင်ခြင်းခံရကြောင်းနှင့် ခေါ်ဆောင်ခံရသူများတွင် သင်းအုပ်ဆရာအချို့ပါဝင်ကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။
“မြို့ပေါ်ရပ်ကွက်အားလုံး ခေါ်ပြီးသလောက်ရှိနေပြီ။ တချို့မြို့ပေါ်ရပ်ကွက်က အသင်းတော်သင်းအုပ်တွေရော ပါတယ်။ အသက် ၄၀ အောက်၊ တစ်အိမ်တစ်ယောက် မလုပ်မနေရ လုပ်ခိုင်းတယ်။”
ပြည်သူ့စစ်စုဆောင်းခြင်းကို ဝိုင်းမော်မြို့ပြီးနောက် မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး စသဖြင့် လီဆူလူမျိုးများ နေထိုင်သည့်ဒေသများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်သူ့စစ်ခေါ်ယူသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးရွှေမင်း၏ ပြည်သူ့စစ်မှာ စစ်တပ်၏ လက်ဝယ်ခံအဖွဲ့ဖြစ်ပြီး ဝိုင်းမော်မြို့နယ်အတွင်း KIA နှင့် ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ကို အားဖြည့်ပေးနေသည့် အဖွဲ့ဖြစ်သည်။