စစ်ဆင်ရေး တိုက်ပွဲများတွင် ရှုံးနှိပ်ရသည့်အကြောင်းရင်းများကို စစ်ခေါင်းဆောင်က ဦးစားပေးရှင်းပြခဲ့ရ
30 November 2023 – Kachinwaves
စစ်ကောင်စီဥက္ကဌက ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေး၌ ရှုံးနှိပ်ရသည့်အကြောင်းရင်းများကို အကျယ်တဝန်းရှင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေးကို အခွင့်အရေးယူ၍ အင်အားတိုးချဲ့စုဆောင်းခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
ထို့အပြင် စစ်ကောင်စီဥက္ကဌက KIA သည် ၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပေါ်လာသောနိုင်ငံရေး အခြေအနေအရ PDF များနှင့် ပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးများတွင် လှုပ်ရှားသည့်အကြောင်းနှင့် AA နှင့် TNLA တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည် ၂၀၀၉ ခုနှစ်မှစတင်ပြီး KIA နယ်မြေတွင် ဖွဲ့စည်းခဲ့သည့်အကြောင်းများကိုလည်း ဇောင်းပေး ရှင်းပြခဲ့သည်။
KIA သည် ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အခွင့်အရေးယူပြီး အင်အားတိုးချဲ့ခဲ့သည်ဟု စစ်ကောင်စီဥက္ကဌပြောကြားခဲ့သည့်အကြောင်း ၎င်းတို့ပိုင်း မီဒီယာများတွင် ယခုလိုဖော်ပြထားသည့်ကို တွေ့ရသည်။
“အဆိုပါသဘောတူစာချုပ်တွင် တပ်မဟာ ၄ ခုနှင့် အခြေပြုစခန်း ၉၄ ခုကို သတ်မှတ်ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများပြုလုပ်၍ အင်အား တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင်လိုင်ဇာ၊ လိုင်စင်ပို့(စ်)တို့၌လည်း လက်နက်ခဲယမ်း စက်ရုံများ တည်ဆောက်ခြင်းနှင့် လူအင်အားတိုးချဲ့ခြင်းများဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း။”
လက်ရှိ စစ်ကောင်စီအဖွဲ့တွင်ပါဝင်ပြီး ယခင် ကရင်အမျိုးသားအစည်းးအရုံး (KNU) ၏ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည့် ဖဒိုမန်းငြိမ်းမောင်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော DVB ဒီဘိတ် အစီအစဉ်၌ စစ်အရာရှိဟောင်း ဒေါက်တာအောင်မျိုး၏ ဆွေးနွေးချက်ကို ယခုလို ချေပဆွေးနွေးခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးမှာ အင်အားတည်ဆောက်တယ်ဆိုတာ အဲဒါ Method (နည်းလမ်း) ပဲ ဒါဆွန်ဇူးပြောခဲ့တာပဲ၊ ဆရာမသိဘူးလား။ ငြိမ်းချမ်းရေးကာလမှာ အင်အားတည်ဆောက်ရမယ်ဆိုတာလေ။ ငြိမ်းချမ်းရေးကာလမှာ စစ်ရေးတည်ဆောက်ရမယ်။ စစ်ရေးကာလမှာ ငြိမ်းချမ်းရေးစကား ပြောရမယ်။ ဒါကမ္ဘာ့နိယာမ ပဲလေ”
ဒေါက်တာအောင်မျိုးက ငြိမ်းချမ်းရေးကာလမှာ တိုင်းရင်းသားအဖွဲ့တို့က “အင်အားစုနေကြတာပဲလေ” ဟု ဒီဘိတ်အတွင်း ဆွေးနွေးခဲ့သည့်အပေါ် ဖဒိုမန်းငြိမ်းမောင်က ချေပခဲ့သော စကားဖြစ်သည်။
ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ၆/၂၀၂၃ အစည်းအဝေး၌ လက်ရှိရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများအတွင်း ပြည်ပမှ Drone ပညာရှင်များ ပါဝင်ခဲ့သည်ဟု စစ်ကောင်စီဥက္ကဌက စွပ်စွဲပြောဆိုကာ အချို့နေရာများကိုလည်း စွန့်ခွာခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
“ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA၊ KIA၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း”ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည်ကို တွေ့ရသည်။
“သာလွန်အင်အားများစုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံးချ၍” တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသုံးသပ်ပြီး Drop Bomb အသုံးပြုသည့် အကြိမ်ရေနှင့် လျှော့တိုက်ဒုံး ပစ်ခတ်သည့် အကြိမ်ရေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် Drop Bomb အသုံးပြုမှုမှာ ယခုအချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ကိုသိရှိရကြောင်း။”ဟု စစ်ကောင်စီ၏ မီဒီယာစာမျက်နှာတွင် တွေ့ရသည်။