စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ စစ်ဗိုလ်တစ်ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
29 November 2023 – Kachinwaves
ရွှေဘိုမြို့ စိုင်နိုင်ဂွေ့မှ ထွက်ခွာလာသည့် အင်အား (၇၅) ဦးပါ စစ်ကောင်စီတပ်သားများအား ဒေသတော်လှန်ရေး မဟာမိတ်သုံးဖွဲ့က ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ နှစ်ပွင့်ဗိုလ်တစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာ ရသည်ဟု သိရသည်။
၆၀ မမ ဒရုန်းဗုံးသီးအပါအဝင် ဗုံးသီး (၁၆) လုံးဖြင့် ၉ ကြိမ်တိုက်ခိုက်ခြင်းအပြင် မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ဝင်ရောက်ပစ်ခတ်ခြင်းများကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြုလုပ်ခဲ့ကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့်အတူ မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် Who am i Army ၊ Forest Fighter Army တို့မှ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ဇီးတောရွာထိပ် နေရာ သုံးနေရာတွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း သံပြားကာကားကြီး (၄) စီး လူအင်အား အပြည့်ဖြင့် ရွှေဘို – မန္တလေး လမ်းကြောအတိုင်း ထွက်ခွာလာသည့် စစ်ကေောင်စီစစ်ကြောင်းကို စောင့်ကြိုကာ မိုင်းအကြီး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အလားတူ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း တစ်ရက်အတွင်းမှာ သုံးကြိမ် ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရွှေဘိုမြို့နယ် ကော့ရွာ စာသင်ကျောင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို ဒရုန်းဗုံးသီး (၅) လုံးဖြင့် တစ်ကြိမ်၊ ရွှေဘိုမြို့ တောင်ဘက်မုဒ်ဝမှ ခြေလျင်ထွက်ခွာလာသည့် အင်အား (၇၈) ဦးခန့်ပါသော စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက် စစ်သားများအား ရှေ့ထွက်မိုင်း (၈) လုံးဖြင့် တစ်ကြိမ်၊ ရွှေဘိုမြို့ မုဒ်ဝအနီးမှ ဘန်ကာအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်သူ မရှိခဲ့ကြောင်း သိရသည်။