ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS နှင့် SSPP ပြေလည်မှုရ
29 November 2023 – Kachinwaves
ရှမ်းလူမျိုးလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့မှာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီလိုက်ကြောင်း ရှမ်းဘာသာစကားဖြင့် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။
အပစ်အခတ်ရပ်စဲရေးကို သုံးကြိမ်တိုင်ဆွေးနွေးခဲ့ရာ ယခုအကြိမ်တွင် နှစ်ဖက်အဖွဲ့သဘောတူညီမှု ရယူနိုင်ကြောင်းကို ရှမ်းလူထုနှင့် သံဃာတော်များသိရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် SSPP ဘက်မှ အဖွဲ့ဝင် ၃ ဦးနှင့် RCSS ဘက်မှ အဖွဲ့ဝင် ၄ ဦးတို့ တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုကဲ့သို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်းခြင်းသည် ရှမ်းလူမျိုးများအတွက် ကောင်းမွန်သည့် အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်မိကြောင်း ရှမ်းအမျိုးသားတစ်ဦးက ဆိုသည်။
“တစ်ခုတော့ကောင်းတာပေါ့။ ရှမ်းအချင်းချင်းမချတော့ ရှမ်းတွေမသေသင့်ဘဲ မသေဘူးပေါ့။ မဟုတ်ရင် ဦးလေးကတစ်ဖက်၊ တူကတစ်ဖက်။ နှစ်ယောက်လုံးသေ၊ အတူတူတစ်ကျင်းတည်းမြုပ်ပြီး အတူတူရက်လည်ရတဲ့ဘဝတွေ ကြုံခဲ့ရဘူးတယ်။”
လက်နက်ကိုင်နှစ်ဖွဲ့လုံး အနေဖြင့် ယခုဆက်ဆံရေးတွင် ရပ်တန့်မနေဘဲ စစ်အာဏာရှင် တော်လှန်ရေးတွင် အတူတကွ ပူးပေါင်းပါဝင်စေလိုကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော့်အနေနဲ့ကျတော့ စစ်အာဏာရှင်တော်လှန်ရေးကို အင်တိုက်အားတိုက် ပါဝင်စေချင်တာ။ ကျွန်တော်တို့ဖြစ်စေချင်တဲ့ အာဏာရှင် တော်လှန်ရေးကို ဝင်နွှဲရင်တော့ အကောင်းဆုံးပေါ့။”
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက အပစ်ရပ်သဘောတူခြင်းမှသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ်တွင် နှစ်ဖက်အဖွဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည်အထိ ဆွေးနွေးအဖြေရှာသွားမည်ဟု သျှမ်းသံတော်ဆင့်ကို အင်တာဗျူးဖြေကြားရာတွင် ပြောဆိုခဲ့သည်ဟု Shan News တွင် ဖော်ပြထားသည်။
SSPP သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းတွင် အခြေစိုက်ပြီး ယခုလက်ရှိ ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင် ဦးဆောင်လှုပ်ရှားနေသည့် TNLA၊ KIA MNDAA၊ AA တို့ပါဝင်သည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” (FPNCC) အဖွဲ့ဝင်ဖြစ်သော်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ကြားနေမည်ဟု ထုတ်ဖော်ပြောကြားထားသည့် အဖွဲ့ဖြစ်သည်။
RCSS သည် ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း – မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျှန်တွင် ဌာနချုပ် အခြေစိုက်သည်။ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနှင့်လည်း ဆက်ဆံနေသော အဖွဲ့ဖြစ်သည်။