လောက်ကိုင်မြို့အနီးရှိ စကစ ၏ နောက်ဆုံးတောင်ကုန်းကို မိနစ်သုံးဆယ်ကျော်အတွင်း သိမ်းပိုက်နိုင်ခဲ့
24 November 2023- Kachinwaves
ကိုးကန့်ဒေသအတွင်း အဓိကရုံးစိုက်ရာ လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA အဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း The Kokang Media က ဖော်ပြထားသည်။
လောက်ကိုင်မြို့အထွက်၊ တုန်ချိန်ဒေသ (ကိုးကန့်တုန်ရှမ်းဒေသ) နှင့်အနီးဆုံးနေရာရှိ စစ်ကောင်စီဗျူဟာကုန်းကြီးနှင့် စခန်းကို ယနေ့နိုဝင်ဘာ ၂၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေး ၂၉ ရက်မြောက်တွင် MNDAA တပ်ဖွဲ့သည် ကိုးကန့်တောင်ပိုင်း၊ တုန်းရှမ်းဒေသရှိ ပါကျောက်ရွှေ၊ လွမ်းလောက်လင်တောင်ကုန်းတို့ကို နံနက်ပိုင်းတွင်သိမ်းပိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ဗျူဟာကျသည့် ဆိုင်တာအိုင်တောင်ကုန်းကြီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဆိုင်တာအိုင်စခန်းမှာ လောက်ကိုင်ဒေသအတွင်း စစ်ကောင်စီ၏နောက်ဆုံးတောင်ကုန်းဖြစ်ပြီး ယင်းတောင်ကုန်းကို သိမ်းပိုက်ရာတွင် လက်နက်ကြီးပစ်ကူနှင့် ခြေလျင်တပ် တစ်ပြိုင်နက်ထိုးစစ်ဆင်ခဲ့ရာ မိနစ်သုံးဆယ်ကျော်သာ ကြာခဲ့ကြောင်း ဖော်ပြထားသည်။
MNDAA ၏ စစ်ဆင်ရေးမှာ လောက်ကိုင်မြို့ဘက်သို့ ဦးတည်နေပြီဖြစ်ပြီး ယနေ့ညနေပိုင်းတွင် လောက်ကိုင်အဝင်၊ တုံချိန်အပိုင်းတွင် လက်နက်ငယ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဆင်ရေး ၂၉ ရက်နေ့အထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြာက်ပိုင်းရှိ စစ်ကောင်စီ၏တပ်စခန်း အကြီး၊ အသေး စုစုပေါင်း (၁၇၁) ခု သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။