စစ်ကောင်စီမှပစ်သည့် လက်နက်ကြီးကျည်ကြောင့် နဘားကျေးရွာမှ သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရ
23 November 2023 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေရွာ ကချင်ကုန်းရပ်ကွက်တွင် အင်းတော်မြို့ စစ်တပ်ကုန်းမှ ပစ်လိုက်သော လက်နက်ကြီးကျည်ကြောင့် အခင်းစိုက်နေသည့် သားအမိနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ၂၂ ရက်နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် အသက် ၅၀ နှစ် ကျော်အရွယ် ဒေါ်ဘောက်ဆန်နှင့် သမီးဖြစ်သူ ၁၇ နှစ်အရွယ် မလုမိုင်တို့သည် ၎င်းတို့၏ နေအိမ်အနောက်ဖေးတွင် အခင်းစိုက်နေကြချိန် ၎င်းတို့၏အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။
“သူတို့အိမ်နောက်ဖက်ကို လက်နက်ကြီးကျည်က ကျပြီးပေါက်ကွဲခဲ့တော့ သူတို့သားအမိ အခင်းလုပ်နေတာနဲ့ ထိလိုက်တာ သူ့အမေက ရင်ဘတ်တွေကို လက်နက်ကြီးအစတွေမှန်လိုက်တယ်း။ သူ့သမီးကလည်း ပေါင်ကိုမှန်လိုက်တယ်။ ဆေးရုံတော့ တက်ရမယ်ထင်တယ်။”ဟု ၎င်းအမျိုးသမီးမှ ပြောသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင်လည်း အင်းတော် စစ်တပ်ကုန်းမှ နဘားရွာဘက်သို့ ပစ်လိုက်သော လက်နက်ကြီးကျည်ကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီမှ နဘားလမ်းဆုံအနီးသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ယခုလက်ရှိအချိန်တွင် တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်များသည် နဘားလမ်းဆုံအနီးတွင် နေရာယူထားပြီး အင်းတော် စစ်တပ်ကုန်းမှလည်း နဘားရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျှက်ရှိသည်။