လွိုင်ကော်မြို့မှ ဒီးမော့ဆိုသို့ စစ်ဘေးရှောင်လာသူများ အရေးပေါ်အကူအညီလိုအပ်နေ
23 November 2023 – Kachinwaves
၁၁.၁၁ စစ်ဆင်ရေးလုပ်ဆောင်နေသည့် အတောအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ ဒီးမော့ဆိုဘက်သို့ စစ်ဘေးရှောင်လာရသည့် ဒေသခံများအတွက် အရေးပေါ်အကူအညီလိုအပ်ချက်များရှိနေကြောင်း သိရသည်။
ကရင်နီပြည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်ပြီး မြို့မှဒေသခံအများစုမှာ ဒီးမော့ဆိုတွင် စစ်ရှောင်နေရသည်ဟု ဆိုသည်။ အဆက်အသွယ်ရှိသူများမှာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ဖယ်ခုံ၊ ညောင်ရွှေ စသည့်မြို့များရှိ အသိဆွေမျိုးများထံ သွားရောက်ခိုလှုံကြကြောင်း သိရသည်။
ယခုလက်ရှိ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် စစ်ရှောင်နေသည့် စစ်ရှောင်နှစ်ထောင်ကျော်ရှိပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
“အရမ်းလိုအပ်နေတာကတော့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာတွေ လိုအပ်တယ်။ အဝတ်အထည်တွေလိုတယ်။ စောင်တွေလိုတယ်။ ဆေးဝါးတွေလိုတယ်။ ဘာလို့ဆို ဒီးမော့ဆိုဘက်မှာက အရမ်းလည်းအေးတယ်”ဟု Freelance Volunteer Myanmar မှ စစ်ရှောင်တာဝန်ခံတစ်ဦးက ဆိုသည်။
လမ်းကြောများ ပိတ်ဆို့ခံထားရသည့်အတွက် ခေါက်ဆွဲခြောက်၊ ဆီ၊ ဆန် စသည့် အခြေခံစားသောက်ကုန်ခြောက်များ ရှားပါးနေကြောင်းနှင့် ယင်းတို့ကိုပင် အဓိကလိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆောင်းတွင်းဝင်ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် စောင်၊ အနွေးထည်များလည်းလိုအပ်နေပြီး တစ်ကိုယ်ရည်တစ်ကာယ အသုံးအဆောင်များဖြစ်သည့် သွားတိုက်တံ၊ သွားတိုက်ဆေး၊ အတွင်းခံ စသည်တို့လည်း လိုအပ်နေကြောင်း သိရှိရသည်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်များအတွက် ကူညီလှူဒါန်းလိုပါက Freelance Volunteer Myanmar Facebook Page သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟုဆိုသည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှစပြီး မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည့်အပြင် လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်သည့်အတွက် သေဆုံးရသည့်အရပ်သားပြည်သူ ဆယ်ဦးထက်မနည်းရှိလာပြီဖြစ်သည်။