ရခိုင်တွင် စကစ စခန်း ၄ ခုကို AA တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ထပ်စခန်း ၄၀ ကျော်ကို စကစ စွန့်ခွာသွား
22 November 2023 – Kachinwaves
စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး ယနေ့အထိ ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ရှိ စစ်ကောင်စီ၏တပ်စခန်း ၄၄ ခုကျော်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၃ ရက်နေ့နံနက်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်ရက်အတွင်း တပ်စခန်းကြီးလေးခုကို AA ကသိမ်းပိုက်ရရှိခဲ့သည်။
စစ်ဆင်ရေး ပထမရက်တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဒုတိယနေ့တွင် “ချိန်ခါလီ” နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်နေ့တွင် မောင်တောအခြေစိုက်၊ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
လက်နက်ချ အညံ့မခံသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ “ခထီးလှ” တပ်စခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က စပြီးတိုက်ယူခဲ့ရာ လေးရက်မြောက်နေ့ (နိုဝင်ဘာ ၂၁) တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတပ်စခန်းလေးခုနှင့်အတူ စစ်ကောင်စီတပ်တို့ စွန့်ခွာထွက်ပြေးသွားသည့် စခန်း ၄၀ ကျော်ကို စစ်ဆင်ရေးစတင်သည့် ဆယ်ရက်တာအတောအတွင်း AA က သိမ်းပိုက် ထိန်းချုပ်ထားသည်။
သို့သော် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ “တရွန်အိုင်ဗျူဟာ” နှင့် “နူးဘူးဗျူဟာ” စခန်းများကိုမူ နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ယနေ့အထိဆက်လက်တိုက်ယူနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုဗျူဟာစခန်းနှစ်ခုဆီသို့ စစ်ကောင်စီကလေကြောင်းမှ ချပေးသည့် ထောက်ပို့ပစ္စည်းများကိုလည်း AA က သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
===
Photo: AA