ကချင်တွင် ဆယ်စုနှစ်ချီတပ်စွဲခဲ့သည့် စကစ စခန်း ၃ ခုနှင့် ရဲစခန်း ရုပ်သိမ်းသွား
21 November 2023 – Kachinwaves
မြစ်ဆုံအထက် အင်ဂျန်းယန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုနှင့် ရဲစခန်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဆုတ်ခွာသွားကြောင်းသိရသည်။
ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် တပ်စခန်းများမှ မြစ်ကြီးနားဘက်သို့ အပြီးဆုတ်ခွာသွားကြောင်း သိရသည်။
စခန်းရုပ်သိမ်းသွားသည့် စစ်ကောင်စီတပ်စခန်းများမှာ အင်ဂျန်းယန်မြို့ရှိ ခလရ (၄၀) တပ်စခန်းနှင့် ရဲစခန်း၊ ၁၆ မိုင်ရှိတပ်စခန်းနှင့် မလိခမြစ်ကမ်းအနီးရှိ ဂွေထောင် တပ်စခန်းများ ဖြစ်ကြောင်း KIO ၏ သတင်းနှင့်ပြန်ကြားရေး သတင်းစာမျက်နှာတွင် ထုတ်ပြန်ထားသည်။
မည်သည့်အကြောင်းကြောင့် တပ်စခန်းများမှ ဆုတ်ခွာသွားခြင်းကို မသိရသေးကြောင်း သိရသည်။
အင်ဂျန်းယန်မြို့ တပ်စခန်းကို ၁၉၈၀ ကျော်ခုနှစ်များတွင် KIA က သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းပိုက်နိုင်ခြင်း မရှိခဲ့သည့် တပ်စခန်း ဖြစ်သည်။
နွေဦးတော်လှန်ရေး အစပိုင်းအချိန်တွင်လည်း အင်ဂျန်းယန်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုရှိခဲ့သည်။