ဆေးရုံရောက် စစ်သည်များအား စစ်ခေါင်းဆောင်း လာရောက်အားပေးခြင်းက အပိုအလုပ်များစေသည်ဟု CDM စစ်သားဆို
22 November 2023 – Kachinwaves
ဒဏ်ရာရ အရာရှိစစ်သည်များကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားပေးစကားသွားရောက်ပြောကြားခြင်းမှာ ခွန်အားမဖြစ်စေသည့်အပြင် အလုပ်ရှုပ်စေသည်ဟု CDM စစ်သားကိုနောင်ရိုးက ဆိုသည်။
စစ်တပ်ဝါဒဖြန့်မီဒီယာများတွင် နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်စစ်ဆေးရုံမှ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်ကြီးများက အားပေးစကား သွားရောက်ပြောကြားသည့်ပုံများ ဝေဝေဆာဆာထွက်ပေါ်လာသည်။
ယင်းကဲ့သို့ဒဏ်ရာရတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားခြင်းမှာ ယခင်ကတည်းက စစ်တပ်ကကျင်းသုံးခဲ့သည့် ဝါဒဖြန်နည်းတစ်မျိုးသာဖြစ်ကြောင်း ကိုနောင်ရိုးကပြောသည်။
“တပ်တွင်းမှာပြန်ပြီးဝါဒဖြန့်ဖို့၊ စစ်ခေါင်းဆောင်တွေက အောက်ကိုကြည့်ရှုပါတယ်ဆိုတဲ့ အနေအထားမျိုးပြသဖို့၊ ဝါဒဖြန့်ဖို့ သတင်းမီဒီယာနဲ့ တပ်တွင်းတွေမှာ ဝါဒဖြန့်ရုံသပ်သပ်ပဲ၊ ဓာတ်ပုံရိုက်ပြဖို့လောက်ပဲ ဒါမျိုးသွားကြည့်ခဲ့ကြတာ။ ဒါမျိုးကလုပ်လေ့လုပ်ထ ပုံစံမျိုးပေါ့နော်။ တကယ့်တကယ်တော့ ဒါတွေက ထဲထဲဝင်ဝင်လေးလေးနက်နက်မျိုး မဟုတ်ဘူး။ ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်နဲ့မဟုတ်ဘူး”
ယင်းလုပ်ဆောင်မှုများအတွက် အောက်ခြေတပ်ဖွဲ့များမှာ သိသာသည့် စိတ်ဓာတ်ခွန်အားမျိုး ရရှိမည်မဟုတ်ကြောင်းနှင့် ယခုလက်ရှိအချိန်တွင် အောက်ခြေရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ ၎င်းတို့အပေါ် စစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးရှာအသုံးချမှုများကို သိရှိနားလည်နေကြပြီဖြစ်ကြောင်း ကိုနောင်ရိုးကဆိုသည်။
“ဒီလိုလုပ်တဲ့ဟာက စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်တွေအတွက်တော့ သိသာတဲ့မိုတီဗေးရှင်းတော့ မရဘူးပေါ့နော်။ ဘာလို့ဆို တကယ့်တကယ်အခြေအနေမှန်မှာက စစ်ခေါင်းဆောင်တွေရဲ့ အသုံးချခံသက်သက်ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်တယ်။ သူတို့ဟာဒီလိုမျိုး ဝါဒဖြန့်ဖို့၊ ဓာတ်ပုံရိုက်ဖို့လောက်ပဲဖြစ်တယ်။ သူတို့လာတာကမှ ပိုပြီးအခြေအနေ ဆိုးသေးတယ်။ ကြိုပြင်ရတယ်၊ လုပ်ရတယ် အများကြီးလုပ်ရတယ်။ တကယ့်တကယ်ဘာမှလည်း မဟုတ်ဘူးဆိုတာ စစ်တပ်ဝင်းတစ်ခုလုံးက သိရှိနားလည်နေကြပြီ”
၁၀၂၇ စစ်ဆင်ရေးကာလစတင်ချိန်မှစပြီး နိုင်ငံအနှံ့ရှိစစ်မြေပြင်များမှ တစ်ဦးချင်းစီနှင့် တပ်ရင်းတပ်ဖွဲ့အလိုက် လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိလာပြီဖြစ်သည်။
စစ်မတိုက်လိုသည့်အတွက် တိုက်ပွဲအတွင်း စခန်းများကို စွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်းရှိပြီး ရှေ့တန်းထွက်ရမည်ကို စိုးရိမ်သည့်အတွက် စစ်တပ်မှ ထွက်ပြေးသူများလည်း ရှိနေေကြာင်း သိရသည်။
===
ပုံ – CINCDS