ခလရ (၁၀၅)တပ်မှ စစ်ဗိုလ်တစ်ဦး ရှေ့တန်းမသွားလို၍ ထွက်ေပြးနေသည်ဟု ဆို
15 November 2023- Kachinwaves
ရှေ့တန်းမထွက်လိုသည့်အတွက် ဆားမှော်နယ်မြေခံတပ်ရင်း ခလရ (၁၀၅)တပ်မှ ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး နိုဝင်ဘာ ၁၃ ရက်နေ့က တပ်မှထွက်ပြေးသွားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ (၁၀၅) တပ်မှ ဗိုလ်အဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာ တပ်မှထွက်ပြေးသွားကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“၁၀၅ တပ်က ဗိုလ်အဆင့်တစ်ဦး ရှေ့တန်းထွက်ခိုင်းလို့ တပ်က ပြေးပြီ”
ထွက်ပြေးသွားသူ၏ အမည်၊ ရာထူးတို့ကို လုံခြုံရေးအခြေအနေကြောင့် မပြောဆိုနိုင်ကြောင်း ဒေသခံက ဆိုသည်။
အဆိုပါ တပ်ဖွဲ့ဝင်ထွက်ပြေးသွားသည့်နေ့ (နိုဝင်ဘာ ၁၃ ရက်နေ့) ညတွင် ဆားမှော်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၈၄) နှင့် (၃၈၃)တပ်များမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ပြွန်သုံးလုံးကျေးရွာအတွင်း လက်နက်ကြီးပေါက်ကွဲပြီး သားအဖနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြွန်သုံးလုံးရွာက ထိခိုက်ဒဏ်ရာရတဲ့ သားအဖနှစ်ယောက်ကတော့ မိုးကောင်းဆေးရုံကနေ မြစ်ကြီးနားကို လွှဲလိုက်ပြီလို့ပြောတယ်”
ထိခိုက်သူ သားအဖနှစ်ဦး၏ နေအိမ်တွင်မွေးထားသည့် နွားနှစ်ကောင်မှာလည်း သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့က ခလရ (၁၀၅) တပ်ရင်း ဒရုန်းဖြင့် ဗိုလ်ချခံရခြင်း၊ ဆားမှော်အရှေ့ဘက် တောင်ကြောရှိ စစ်ကောင်စီ၏ စပါးကုန်းစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းယူခဲ့ခြင်းတို့ ဖြစ်ပွါးခဲ့သည်။
ထိုနေ့ (နိုဝင်ဘာ ၁၁ရက်နေ့) ကလည်း ခလရ (၁၀၅) တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဆားမှော်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာမှာ ရခဲ့သည်။