ဆေးယဉ်ပါးတဲ့ အာဏာရှင်ရောဂါပိုး ချုပ်ငြိမ်းရန် ဆေးညွှန်းအမှန် တိုက်ကျွေးချိန် ရောက်ပြီ
Opinion
3 November 2023 – Kachinwaves
စစ်အာဏာရှင်တို့ရဲ့ စရိုက်တစ်ခုက ပကတိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အမှန်အတိုင်း လက်ခံဖြေရှင်းလိုစိတ် မရှိဘဲ၊ ပြဿနာရဲ့ ဇာစ်မြစ်ကို ဖုံးကွယ်နိုင်ဖို့သာ ကြံဖန်ကြိုးစားလေ့ရှိကြပါတယ်။ ထိုသို့ ပြဿနာအရင်းခံတွေကို ဖုံးကွယ်ဖို့ကြိုးစားရာမှာ လူမျိုးရေးမှိုင်းတိုက်တဲ့ နည်းလမ်းကလည်း သူတို့သုံးနေကြ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို KIA မှ ကူညီနေတဲ့အပေါ် ဝမ်းသာနေတဲ့ ဗမာတွေကို အံ့ဩတယ်လို့ ပြောခဲ့တဲ့အပြင် “ဗမာ – ဗမာချင်း သတ်တာကို၊ ဗမာ – ဗမာချင်း သတ်တာကို အားပေးအားမြောက် လက်ခုပ်တီးနေတာ၊ ရောယောင်ပြီးတော့မှ လက်ခုပ်တီးပြီး အားပေးနေတာ ပြန်လည်ဆင်ခြင်ကြည့်ပါ”စတဲ့ လူမျိုးရေးဆန်တဲ့ စကားကို အာရုံတစိုက်နဲ့ ပြောကြားခဲ့ပါတယ်။
လောလောလတ်လတ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ကြေညာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာကိုလည်း ကိုးကန့်ဒေသအတွင်း ငါးနှစ်တစ်ကြိမ်လောက် တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး၊ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း “ဖုန် မျိုးနွယ်စုနဲ့ ရန် မျိုးနွယ်စု” ပြဿနာသာဖြစ်တယ်လို့ ပုံဖော်ရှင်းပြဖို့အတွက် သူတို့ကြိုးကိုင်ထားတဲ့ မီဒီယာတွေကို အသုံးပြုပြီး ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် အွန်လိုင်း လိမ်လည်မှုပြဿနာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူး ရှင်းပြခဲ့တဲ့အခါမှာလည်း “Online လောင်းကစားနှင့် လိမ်လည်မှုများသည် မြန်မာနိုင်ငံမှ တရုတ်ပြည်သူများအား လိမ်လည်ခြင်း မဟုတ်သလို တရုတ်နိုင်ငံမှလည်း မြန်မာပြည်သူများအား လိမ်လည်ခြင်း မဟုတ်” စတဲ့လူမျိုးရေးဆန်တဲ့ ရှင်းပြချက်တွေ ပါနေတာကို တွေ့ရပါတယ်။
ယခင်က တော်လှန်ရေးတပ်ဖွဲ့တွေ ပြောခဲ့တဲ့ စကားလုံး အခုတော့ စကစ ပြောနေရ
စစ်ကောင်စီတပ်ဟာ KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာကို စစ်ရေးအရ ခြိမ်းခြောက်ပြီး နိုင်ငံရေးအမြတ် ထုတ်လိုတဲ့ ထိုးစစ်ဆင်မှုကို ဇွန်လလယ်ပိုင်းကနေ လှုပ်ရှားလာခဲ့ပေမဲ့ KIA နဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ KIA နဲ့ မဟာမိတ်တပ်တွေက ခုခံဟန့်တားမှုပုံစံနဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ဟန့်တားနေစဉ် မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ ဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ အောင်ဂျာ (လိုင်လွမ်) စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း KIA က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်မှာ KIA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့အပြီး ခုနှစ်ရက်နေ့မြောက်မှာပဲ AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်လာခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတွေနဲ့ ပစ်ကူပြီး မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ပေမဲ့လည်း ခေတ္တဆုတ်ခွာခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်း၊ အင်အား အလွန်အကျွံသုံး သုံးပြီးတိုက်ခိုက်လာတဲ့အတွက် စခန်းတွေကို ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကောင်စီအစည်းအဝေးမှာ ထုတ်ပြောလာရတဲ့အထိ ဖြစ်လာပါတယ်။
ဆက်လက်ပြီး စစ်ခေါင်းဆောင်က “မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်”လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါစကားလုံးတွေဟာ အရင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ပြောခဲ့တဲ့ စကားလုံးတွေလည်း ဖြစ်ပါတယ်။
အခုနှစ် ဩဂုတ်လမှာပဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး အင်အားဟာ အရင်ကတွက်ချက်ခဲ့တာထက် သိသိသာသာ လျော့နည်းသွားတဲ့အကြောင်း ပညာရှင်တွေရဲ့ တွေ့ရှိချက်ထွက်ပေါ်လာသလို လက်ရှိ တိုက်ပွဲတွေမှာ မြေပြင်ကြည်းတပ်အင်အားထက် လေကြောင်းတိုက်ခိုက်မှုကို အားကိုးပြီး တိုက်ခိုက်နေရပါတယ်။
ဒါပေမဲ့ လေကြောင်းဆိုတာ အချိန်အကန့်အသတ်နဲ့သာ ပျံသန်းတိုက်ခိုက်နေရတာဖြစ်ပြီး မြေပြင်တပ်စခန်းတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့က ကြည်းတပ်အင်အား မဖြစ်မနေ အားဖြည့်ရမှာ ဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေး အင်အားစုတွေသာ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲ ဖော်ဆောင်နေမယ်ဆိုရင် တစ်နိုင်ငံလုံးနေရာအနှံ့ စစ်ရေးပြင်ဆင်နေရတဲ့ စစ်ကောင်စီတပ်အတွက် မြေပြင်အင်အား ပြန်လည်စုစည်းပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ဆိုတာ ခက်နေဆဲ ဖြစ်ပါတယ်။ အလားတူ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးရိမ်ရပေမဲ့ နေရာအနှံ့ ဟန်ချက်ညီညီ စစ်ဆင်ရေး ဖော်ဆောင်နေမယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကို တားဆီးနိုင်တဲ့အထိ လုပ်ဆောင်နိုင်ဖို့ အလားအလာ နည်းပါတယ်။
ခြုံပြီးသုံးသပ်ကြည့်ရင် စစ်ကောင်စီဟာ အရင်စစ်အာဏာရှင်တွေ မကြုံခဲ့ရတဲ့ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းကို ရင်ဆိုင်နေရပြီး အင်အားချိနဲ့နေပြီဆိုတာ သိသာနေပါပြီ။ လက်နက်အင်အားကို အားကိုးပြီး အာဏာရှင်ဖြစ်ချင်နေတဲ့ စစ်တပ်ရဲ့ အာဏာရှင်ရောဂါပိုးကို အမှန်တကယ် ချုပ်ငြိမ်းစေချင်တယ်ဆိုရင် လက်ရှိ အခြေအနေဟာ ဆေးညွှန်းအမှန် တိုက်ကျွေးဖို့အကောင်းဆုံး အခြေအနေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ တကယ်လို့ ဒီအခွင့်အရေးကို တော်လှန်ရေးအင်အားစုတွေ လက်ဦးမှုမရပဲ လက်လွတ်သွားပြီး စစ်အာဏာရှင် နလန်ပြန်ထနိုင်ခဲ့မယ်ဆိုရင် အာဏာရှင်ရောဂါပိုးဟာ ဆေးယဉ်ပါးတဲ့ တီဗီပိုးလို ဆိုးရွားသွားမှာ ဖြစ်ပါတယ်။ အဲတာကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုတွေ ညီညွတ်ပြီး ဟန်ချက်ညီညီ လှုပ်ရှားမှုဟာ သေရေးရှင်ရေး အရေးကြီးနေပြီလို့ ပြောချင်ပါတယ်။