နယ်ချဲ့ပယောဂ တံဆိပ်ကပ်ခံရတဲ့ “ဖက်ဒရယ်” ဒီတစ်ခါ ဘယ်လို ဖြေရှင်းကြမလဲ

Opinion – 19 November 2023 – Kachinwaves
တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တောင်းဆိုမှုကို ပြည်ပ ပယောဂလို့ သံသယဝင်ပြီး ခွဲထွက်ရေး၊ တိုင်းပြည်ပြိုကွဲရေးအဖြစ် ရှုမြင်သူတွေထဲမှာ အာဏာသိမ်းစစ်အုပ်စု သာမဟုတ်ဘဲ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ခေတ်မှာရော ဖက်ဒရယ် (ပြည်ထောင်စုစစ်စစ်မူ) ကို သဘောတူနိုင်ကြမလားဆိုတာ မဝေးတော့တဲ့ ကာလမှာ နဖူးတွေ့ဒူးတွေ့ ဖြေရှင်းရတော့မယ့် နိုင်ငံရေး ပြဿနာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်) ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးနုနဲ့ ဦးဗဆွေအပါအဝင် ပမညတ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) ခေါင်းဆောင် သခင်ချစ်မောင်တို့ဟာလည်း တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖက်ဒရယ်တောင်းဆိုမှုကို ပြည်ပကြိုးကိုင်စွက်ဖက်မှုအဖြစ် သံသယဝင် စွပ်စွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတ် ၁ ရက်နေ့ညနေမှာ ကျင်းပခဲ့တဲ့ “ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ တင်သွင်းသော ပြည်ထောင်စုစစ်စစ်မူ”အပေါ် ပမညတ ဥက္ကဌ သခင်ချစ်မောင် ဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေ ဖက်ဒရယ်တောင်းဆိုလာတာဟာ “အမေရိကန် နယ်ချဲ့ဂိုဏ်းကြီးရဲ့ ပယောဂ” ဖြစ်တယ်လို့ ဆွေးနွေးတင်ပြခဲ့တာကို တွေ့ရပါတယ်။
“ကရင်တကျပ် ဗမာတကျပ်၊ ရှမ်းတကျပ် ဗမာတကျပ် ဆိုတဲ့ကြွေးကြော်သံတွေဟာ မိုးမွှန်လာပြီး ကွဲအက်ရေး၊ ခွဲထွက်ရေး အသံတွေဟာလည်း ဆူတက်လာခဲ့ပါတယ်။ နယ်ချဲ့သမားများအတွက် မျက်ဖြူဆိုက်လေ-ဆရာကြိုက်လေ ဖြစ်လာပါတယ်။”လို့ သခင်ချစ်မောင်ရဲ့ တင်ပြချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် “ရိုးသားလှတဲ့ ညီနောင်လူမျိုးစုများအတွက် ကျွန်တော်တို့ များစွာ စိတ်ထိခိုက်မိပါတယ်။”လို့လည်း ပါရှိပါတယ်။
ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးဗဆွေကလည်း အင်္ဂလိပ်ကိုလိုနီကြောင့် ဗမာအပါအဝင် တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့ရပြီးနောက် ပင်လုံညီလာခံမှာ ပထမဆုံး ပြန်လည်တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် တောင်ကြီး ညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကို ပြည်ထောင်စုစစ်စစ် ပြုပြင်ရေးအဆိုကို သဘောမကျဘဲ၊ ဖွဲ့စည်းပုံပြုပြင်ရေးထက် ပြဿနာကို မိသားစုနည်းနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးရင် ရနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
“ကိုလိုနီခေတ်က နယ်ချဲ့တွေရဲ့ သွေးခွဲမှုတွေကြောင့် ဆွေရင်းမျိုးရင်းတွေ ဖြစ်ကြပေမယ့် နယ်ချဲ့တို့က ကျွန်တော်တို့ကို တကွဲတပြားစီဖြစ်အောင် ခွဲခဲ့ပါတယ်။ ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေဟာ လွတ်လပ်ရေး ရတဲ့အခါမှာ ပြန်ပြီးတော့ ပေါင်းမိပြန်တော့လည်း စိမ်းသလိုလို ဖြစ်ခဲ့ရပြန်ပါတယ်။ အဲသလို ပြည်ထောင်စုအသစ် ထူထောင်ပြီး ပြန်ပေါင်းခါစမှာ အထင်အမြင်လွဲမှားမှုမျိုးဆိုတာ အနည်းနှင့်အများရှိတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ ဓမ္မတာဖြစ်ပါတယ်။ ဒါပေမဲ့ စေတနာသန့်သန့် မိသားစုစိတ်တွေနှင့် အဲဒီအထင်အမြင် လွဲမှားမှုတွေကို ဖြေရှင်းနိုင်မယ် …”လို့ ဆွေးနွေးခဲ့ပါတယ်။
ဦးဗဆွေပြောသလို အခြားဗမာတိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပြောကြလေ့ရှိတဲ့ နယ်ချဲ့တွေရဲ့ သွေးခွဲမှုတွေကြောင့် ဆွေရင်းမျိုးရင်းတွေ သွေးကွဲခဲ့ရတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်သက်ရောက်မှုက ကြာလာတော့ တိုင်းရင်းသားတွေဟာ ဗမာဘုရင်တွေရဲ့ ဩဇာအောက်မှာ နေထိုင်ခဲ့တဲ့လူမျိုးတွေဖြစ်ကြတယ်လို့ နားလည်စေပါတယ်။ ဒါကြောင့် ပြည်ထောင်စု ပြဿနာဟာ “ဖက်ဒရယ်” မဟုတ်ဘဲ၊ ပြည်ပ ပယောဂ၊ နယ်ချဲ့ ကိုလိုနီတွေရဲ့ သွေးခွဲမှုတွေကြောင့် ဖြစ်ပေါ်နေရတဲ့ ပြဿနာလို့ ကောက်ချက်ဆွဲ ချဉ်းကပ်နေခြင်းက သမိုင်းဆိုင်ရာ အငြင်းပွားမှုနဲ့ သံသယစိတ်တွေကို ပွားများစေပါတယ်။
ဒူဝါဇန်ထားဆင်ကတော့ ကချင်ဒူဝါတွေဟာ ဗမာဘုရင်တွေရဲ့ ဩဇာခံမဟုတ်ခဲ့ကြောင်း “ဒီမိုကရေစီပြောင်းပြန်”စာအုပ်မှာ ရေးသားခဲ့ပါတယ်။
“ကချင်ဒူဝါအများအပြားသည် မြန်မာဘုရင်များနှင့် မဟာမိတ်အနေနှင့်သာ ဆက်ဆံခဲ့ကြသည်။ စစ်ရေးစစ်ရာ၌ မဟာမိတ်အနေနှင့်သာ ထိရောက်စွာ ကူညီခဲ့သည်။ တန်ခိုးကြီးသော မြန်မာဘုရင်အချို့၏ အုပ်ချုပ်မှုအာဏာသည် ဧရာဝတီမြစ်ကြောင်းခရီးဖြင့် အထက်သို့ ဗန်းမော် ကောင်းတုံအထိ၊ ကုန်လမ်းခရီးဖြင့် မိုးညှင်း၊ မိုးကောင်းအထိသာ ပြန့်နှံ့ခဲ့သည်။”လို့ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဒူဝါဇန်ထားဆင် ရေးထားပါတယ်။
ရှမ်းဗမာတွေကို မြို့စားတွေအဖြစ်ခန့်ထားခဲ့ပေမဲ့ မင်းပြောင်းမင်းလွဲဖြစ်ပြီး တန်ခိုးမှေးမှိန်တဲ့ ဘုရင်တွေရဲ့ လက်ထက်မှာ ဩဇာမညောင်းခဲ့ကြောင်းလည်း ရေးထားပါတယ်။
တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တောင်းဆိုမှုကို ဦးနုကလည်း ပြည်ပ ပယောဂအဖြစ် သံသယဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် မတ် ၈ ရက်နေ့မှာ ရှမ်းပြည်နယ် အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါ ဦးနုက “ ‘နေပါအုံးတဲ့၊ ရှမ်းပြည်နယ် အခြေခံဥပဒေဟာ နိုင်ငံခြားပယောဂ ကင်းရဲ့လား’ လို့ မေးတယ်။ သည်လိုမေးတဲ့အခါမှာ ကျွန်တော်ဟာ တခါတည်း (Big Shock) တခါဖြစ်သွားတယ်။ နောက် ‘ဘာဖြစ်လို့လဲ ဝန်ကြီးချုပ်’ လို့ ကျွန်တော်မေးတယ်။ မဟုတ်ဘူး နိုင်ငံခြား ပယောဂ ကင်းပါ့မလားလို့ သို့လောသို့လော ဖြစ်တယ်။ ‘နိုင်ငံခြား ပယောဂကင်းပါ့မလား’ ဆိုပြီးတော့ ထပ်မေးတယ်။ ‘မဟုတ်ဘူး ဝန်ကြီးချုပ် ကျွန်တော်တို့ဟာ နိုင်ငံခြား ပယောဂ လုံးလုံးကင်းပါတယ်။ ဒါလုပ်တဲ့ ကိစ္စဟာ ဝန်ကြီးတို့ အစိုးရအဖွဲ့အနေနှင့် ခွင့်ပြုလို့သာလျှင် လုပ်ရခြင်း ဖြစ်ပါတယ်’ ဆိုပြီးတော့ အတော်ကြာပင် ကျွန်တော်ရှင်းလင်း တင်ပြပါတယ်။”လို့ တောင်ကြီးညီလာခံမှာ သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေး တင်ပြဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာပါ ပါတယ်။
ပြည်ပ ပယောဂလို့ ထင်မြင်ခံရတာဟာ စော်ကားခံရခြင်းဖြစ်
အခွင့်အရေးကိစ္စတွေ တောင်းဆိုတိုင်း နယ်ချဲ့ပယောဂလို့ စွပ်စွဲခံရလေ့ရှိတာကို ဒူဝါဇန်ထားဆင်က သူ့ရဲ့ တင်ပြဆွေးနွေးချက်ထဲမှာ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ဗြိတိသျှ လက်ထက်ကတည်းက ကျွန်တော်တို့ဟာ သတင်းစာတွေ ဖတ်ပါတယ်။ စာအုပ်စာတမ်းတွေကို ဖတ်ပါတယ်။ သတင်းစာဆိုလျှင် နေ့စဉ်ဖတ်ပါတယ်။ ကမ္ဘာရဲ့ အဖြစ်အပျက်နှင့်တကွ ပြည်ထောင်စုကြီးရဲ့ အဖြစ်အပျက်ကို နေ့စဉ်နေ့တိုင်း သတင်းစာမှာ ဖတ်နေရပါတယ်။ ကျွန်တော်တို့ဆီမှာ နေ့စဉ်အားလုံးကို သိနေပါတယ်။ ဒါကိုလူတချို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ နယ်ချဲ့ပယောဂတွေ ပါတယ်လို့ စွပ်စွဲနေခြင်းဟာ ကျွန်တော်တို့ရဲ့ အသိတရား၊ ကျွန်တော်တို့ စားထားတဲ့ထမင်း၊ ကျွန်တော်တို့ သောက်ထားတဲ့ လဘက်ရည်၊ ကျွန်တော်တို့ ဖတ်ထားတဲ့ စာရွက်စာတမ်းတွေကို စော်ကားတယ်လို့ ကျွန်တော်တို့ဘက်က ဒီလိုပဲယူဆပါတယ်။”လို့ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူဝါဇန်ထားဆင်က တောင်ကြီး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ဒူဝါဇော်လွန်ကလည်း ဖက်ဒရယ်တောင်းဆိုနေခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးနေခြင်း မဟုတ်သလို ကွန်ဖက်ဒရေးရှင်း (Confederation) ကို တောင်းဆိုနေခြင်းလည်း မဟုတ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
“ကျွန်တော်များ ‘ဖက်ဒရယ်’လို့ခေါ်တဲ့ ‘ပြည်ထောင်စုစစ်စစ်’ ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးနှိုးဆွပေးနေခြင်း မဟုတ်ပါ။ Confederation ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆိုခြင်းလည်း မဟုတ်ပါ။ အမျိုးသားစည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည့်အတွက် တင်ပြရခြင်း ဖြစ်ပါတယ်။”
၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ “ပြည်ထောင်စုမူနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ”မှာ ရှမ်းပြည်နယ် ဥက္ကဌကြီး၊ ဝန်ကြီးသတိုးမဟာသရေစည်သူ စဝ်ခွန်းချို တင်ပြဆွေးနွေးခဲ့တဲ့ “ဖက်ဒရယ်မူ” ကို ကချင်ကိုယ်စားလှယ် ဒူဝါဇော်လွန်က ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဖက်ဒရယ်တောင်းဆိုမှုကို တိုင်းပြည်ပြိုကွဲရေးအဖြစ် တံဆိပ်ကပ် အာဏာသိမ်းခဲ့ပြီးနောက် ဒီနေ့အထိ အာဏာရှင်စနစ် မြဲနေပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးမှာတော့ ဖက်ဒရယ် (ပြည်ထောင်စုစစ်စစ်မူ) နဲ့ ညီညွတ်ရေးကိုရယူပြီး ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်နိုင်ပါ့မလား။ မဝေးတော့တဲ့ ကာလမှာ သက်ဆိုင်သူတွေအားလုံး သေရေးရှင်ရေး ဖြေရှင်းဆုံးဖြတ်ရမယ့် ပြဿနာ ဖြစ်ပါတယ်။
===
ကိုးကား။
၂၀၁၆၊ ဆလိုင်းလျန်းမှုန်း၊ “ပြည်ထောင်စုစစ်စစ်မူ”
ဇန်ထားဆင်၊ ဒီမိုကရေစီပြောင်းပြန်