ပွဲကြိုက်နေသည့် စစ်ကောင်စီ တိုက်ပွဲများနှင့် ရင်ဆိုင်နေရ
Opinion – 28 October 2023 – Kachinwaves
စစ်ကောင်စီဥက္ကဌသည် မကြာမီအချိန်က ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် အင်းလေးဖောင်တော်ဦးဘုရားပွဲသို့ ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း အောက်တိုဘ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။ ထို့အပြင် ကောင်စီဝင်များကိုလည်း ဒေသအလိုက် ထင်ရှားသည့် အခမ်းအနားများနှင့် ပြည်သူ အများနှင့် သက်ဆိုင်သည့်ပွဲများကို တက်ရောက်အားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
အာဏာရှင်များသည် ၎င်းတို့နိုင်ငံရေးအမြတ် ထုတ်နိုင်သော ဘာသာရေး၊ ယဉ်ကျေးမှု၊ ဒေသအလိုက်နှင့် တိုင်းရင်းသားလူမျိုးများ၏ ပွဲလမ်းသဘင်များကို စည်စည်ကားကားပြုလုပ်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု စိတ်အေးချမ်းနေသယောင် ကျင်းပစေလိုကြစမြဲဖြစ်သည်။
ထို့အပြင် အာဏာရှင်များ၏ လက်ထက်တွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့၍ လူငယ်များကို လမ်းမှားရောက်စေသည့် မူးယစ်ဆေးဝါးများ ပေါများလာခြင်းနှင့် ၎င်းမူးယစ်ဆေးဝါးများကို အလွယ်တကူရရှိနိုင်ပြီး ပျော်ပါးနိုင်သည့် (Club၊ KTV၊ Bar) များလည်း ပေါများလာတတ်သည်မှာ အာဏာရှင်အုပ်ချုပ်မှု၏ ပြယုဂ်တစ်ခုလို ဖြစ်သည်။
လက်ရှိအာဏာသိမ်း စစ်ကောင်စီကတော့ ၎င်းအာဏာသိမ်းသည့်အချိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးဆိုက်နေ၍ သော်လည်းကောင်း၊ ယခင်အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် မတူသည့် ခုခံတော်လှန်မှုများနှင့် ကြုံတွေ့နေရ၍ သော်လည်းကောင်း အတုအယောင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပခွင့် သိပ်မရရှိခဲ့ပေ။
သို့သော် စစ်ကောင်စီဥက္ကဌသည် ၎င်းလည်း ယခင်စီနီယာကြီးများနည်းတူ စွမ်းဆောင်နိုင်ကြောင်း ပြသနိုင်ရန် ငွေကုန်ကြေးကျခံပြီး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယခင်စစ်အာဏာရှင်များနှင့် အလားတူ ၎င်း၏လက်ထက်တွင်လည်း ဆင်ဖြူတော် ပေါ်ပေါက်လာစေသည်။ ဆင်ဖြူတော်ပေါ်ပေါက်ခြင်းသည် “နိုင်ငံတော်အတွက် ကောင်းသော အကျိုးတရားများ တိုးပွားမည့် အတိတ်ကောင်း၊ နိမိတ်ကောင်း၊ အထောက်အပံ့ကောင်း ဖြစ်သည်။”ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ မြဝတီက ဒသမမြောက် ဆင်ဖြူတော်တစ်စီး ပေါ်ပေါက်လာကြောင်း အယ်ဒီတာ့အာဘော်ရေးခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်က ကမ္ဘာ့အမြင့်ဆုံးနှင့် အလေးချိန်အများဆုံး ရုပ်ပွားတော် တစ်ဆူဟု ကြွားဝါရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို တည်ဆောက်ပြီး အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့သည်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံတွင် အကျပ်ရိုက်နေသည့် စစ်ကောင်စီသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို နိုင်ငံရေးအာရုံလွှဲနိုင်ရန် လူစည်ကားသည့် ပွဲလမ်းသဘင်များကို ကျင်းပနိုင်ရေးအတွက် ၎င်း၏သက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများကို ဖိအားပေးနေပုံရသည်။
ယခင်ကနှစ်စဉ် နိုင်ဝင်ဘာလတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုလည်း အကြီးအကျယ်ကျင်းပြရန် စီစဉ်နေကြောင်း သိရသည်။
ရွှေဖီမြေသတင်းက “တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက သိန်း ၁၀,၀၀၀ ကျော် အကုန်အကျခံပြီး ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ နီးစပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။”ဟု ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့် သတင်းကလည်း စစ်ကောင်စီလက်ထက်မှာ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ နည်းပါးကြောင်း သတင်းဖော်ပြထားသည်။
အလားတူ ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် မြစ်ကြီးနား – ဗန်းမော်ကားလမ်းတောင် ပြည်သူလူထု သွားလာခြင်း မပြုနိုင်သေးစဉ် ဗန်းမော်မြို့ နှစ်မိုင်အောင်သာရပ်ကွက်ရှိ မနောကွင်း၌ နိုဝင်ဘာလ၌ မနောင်ပွဲတော် ကျင်းပနိုင်ရန် စစ်ကောင်စီဘက်ကလိုလားနေကြောင်း သိရသည်။
လက်ရှိစစ်ကောင်စီသည် တိုင်းပြည် မငြိမ်းချမ်းမှုနှင့် ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေရသည့် ဘဝများကို ဖုံးကွယ်နိုင်မည့် ဟန်ဆောင်ဗန်းပြ ပွဲလမ်းသဘင်များကို ဆက်လက်ကျင်းပလိုသော်လည်း တော်လှန်ရေးအဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးများကို ခံနေရသည်။ ပြောမည်ဆိုလျှင် အာဏာရှင်တို့၏ လက်အောက်တွင် ကျင်းပသည့် ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များသည် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် သာဖြစ်ပါသည်။