စစ်ဆင်ရေး ၈ ရက်မြောက်နေ့ နံနက်ပိုင်းမှာပဲ စကစ စခန်း ၄ ခုသိမ်းပိုက်ခံရ
3 November 2023 – Kachinwaves
၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်နေ့ ယနေ့ နံနက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် ရဲစခန်းပေါင်း (၄) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေး သတင်းစာမျက်နှာအရ သိရသည်။
သိမ်းပိုက်ခံရသည့် စစ်ကောင်စီစခန်းများမှာ မန်တုံမြို့ရှိ ရဲစခန်း၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းစခန်း၊ နောင်ချိုမြို့နယ်မှ ကွန်ခါတပ်စခန်းနှင့် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကို ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းများ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ည သန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှ နေအိမ် (၃) လုံး ပျက်စီးခဲ့ပြီး၊ ယနေ့ နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၁) ဦး ထိမှန်ခံရသလို ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။