ကောလင်းမြို့တွင် မြို့သိမ်းတိုက်ပွဲသဏ္ဍာန် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေ
3 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်း ယနေ့နံနက် ၃ နာရီမှစပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်တပ်တော် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချသည့်နေရာများနှင့် ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကောလင်းဒေသခံတစ်ဦးက ဆိုသည်။
“တိုက်ပွဲ၊ မြို့တွင်းအခြေအနေဆိုးနေတယ်။ မနက် ၃ ခွဲကတည်းကစနေတာ၊ ခုထိအရှိန်ပြင်းတုန်း။ တစ်မြို့လုံးနေရာအနှံ့ပဲ”ဟု ဒေသခံက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကောလင်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် နံနက် ၈ နာရီဝန်းကျင်တွင် ၄ ကြိမ်ထိပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ကောလင်းနှင့် နယ်နိမိတ်ဆက်စပ်နေသည့် ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှလည်း ကောလင်းမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးကြောင်း သိရသည်။
ကောလင်းမြို့အတွင်းမှ ဒေသခံများမှာ မြို့အပြင်ရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း မြို့အတွင်း ပိတ်မိနေသူများရှိသေးကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် မျိုးကျော့မြိုင် ဆိုသူ ကျဆုံးကြောင်းသိရပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ ကောလင်းမြို့နယ်နှင့် ထိစပ်နေသည့် ကျွန်းလှမြို့နယ်၊ ဆင်စွယ်ကျေးရွာ စစ်ကောင်စီရဲကင်းစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေကြောင်းလည်း သိရှိရသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ TNLA နှင့် MNDAA တို့ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ကိုင်းနှင့် ကရင်ပြည်နယ်ရှိမြို့၊ ရွာအချို့တွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲသဏ္ဍာန် ဖော်ဆောင်နေကြကြောင်း သိရသည်။