နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြားက ရွှေလီကြိုးတံတားရှိ စကစ စခန်းသိမ်းပိုက်ခံရ
3 November 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကို ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် (TNLA)မှ ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ်အချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် လာရောက်ပစ်ကူပေးခဲ့သည်။”ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေး သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများလည်း ဆက်တိုက်သိမ်းပိုက်ခံနေရသည့် သတင်းများထွက်ပေါ်လာသော်လည်း စစ်ကောင်စီက လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် ကိုးကန့်မျိုးနွယ်စု ပြဿနာသာဖြစ်သည်ဟု ပြောဆိုနေဆဲဖြစ်သည်။