ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကျူကုတ်ဒေသများကို လက်လွတ်ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံပြောကြား
2 November 2023- Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကျူကုတ်ဒေသများကို စစ်ကောင်စီလက်လွတ်လိုက်ရပြီဟု စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆို လိုက်သည်။
စစ်ဆင်ရေး ၇ ရက်မြောက်နေ့၊ နိုဝင်ဘာလ ၂ ရက်တွင်လည်း တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်၏ စခန်းစုစုပေါင်း ၉၀ ကျော်ရှိပြီဖြစ်ကြောင်း MNDAA နှင့် TNLA တို့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် “ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တိုက်ပွဲဖြစ်စဉ်များနှင့် နောက်ခံအကြောင်းအရာများ” အကြောင်းကို ပြောဆိုထားသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဗီဒီယိုဖိုင်တွင် အဆိုပါဒေသသုံးခုကို လက်လွတ်လိုက်ရပြီဖြစ်ကြောင်း ပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေကြသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ AA၊ TNLA နှင့် MNDAA တို့သည် စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ချင်းရွှေဟော်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အောက်တိုဘာ ၂၈ ရက်နေ့မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့အတွင်းသို့ ဒေသခံများကို ပြန်လည်ဝင်ရောက်ခွင့် ပေးထားပြီဖြစ်ကြောင်းနှင့် MNDAA အဖွဲ့က မြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း The Kokang မီဒီယာတွင် ဖော်ပြထားသည်။
ထို့အတူ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့ကို အောက်တိုဘာ ၃၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၃၁ ရက်နေ့ညတွင် စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့က မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာမှာရှိသည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတပ်စခန်းနှင့် ဖောင်းဆိုင်အနီးက မန်းယန်တပ်စခန်းများကို MNDAA ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်တိုက်ခိုက်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ဖောင်းဆိုင်ကျေးရွာ၊ ဗျူဟာကုန်းမှ တပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သောကြောင့် ဖောင်းဆိုင်ဒေသကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။