မုန်လိုင်ခက် ပေါက်ကွဲမှုအပြီး မပခ တိုင်းမှူးက အမြောက်တပ်ဖွဲ့ကို ဆုငွေချီးမြင့်ခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော် ပြော
1 November 2023 – Kachinwaves
လူပေါင်း ၂၉ ဦးသေဆုံးစေခဲ့တဲ့ မုန်လိုင်ခက်ဖြစ်စဉ်အပြီး နောက်တစ်ရက်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက လိုင်ဇာအနီးက အမြောက်တပ်ဖွဲ့တွေကို ဆုငွေချီးမြင့်ခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေအရ သိရှိရတယ်လို့ KIA ဒုဗိုလ်ချုပ်ကြီးဂွန်မော်က BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီ ၂၅ မိနစ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ အဖျက်စွမ်းအားကြီး လက်နက်ပေါက်ကွဲမှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းက နှစ်လသားကလေးငယ်တစ်ဦး အပါအဝင် ကလေးလူကြီး သုံးဆယ်နီးပါးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဟာ စစ်ကောင်စီရဲ့ လက်ချက်ဆိုတာ တကူးတက သက်သေပြစရာတောင်မလိုလို့ ထုတ်ပြန်ချက်တွေ မထုတ်ဘဲ သံတမန်တွေကိုသာ အထောက်အထားတွေ ပေးပို့ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
“သက်သေ မပြနိုင်တာ မဟုတ်ပါဘူး။ သက်သေပြစရာမလိုလို့ ကျနော်တို့က သက်သေတွေဘာတွေ ထုတ်ပြန်ချက်တွေ မလုပ်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေရာဟာ ကျနော်တို့ စစ်ဘက်ဆိုင်ရာ စခန်းတစ်ခု မဟုတ်ပါဘူး။ သင်တန်းကျောင်းဆိုတာကတော့ အရင်တုန်းက ကျနော်တို့ အဲမှာ အကြပ်သင်တန်းကျောင်း ဖွင့်ခဲ့ကြတယ်။ ၂၀၀၄ ကနေ ၂၀၁၇ အထိ အဲနေရာမှာ ကျနော်တို့အကြပ်သင်တန်းကျောင်းရှိပါတယ်။ သင်တန်းကျောင်းတွေဆိုတာဟာ ယမ်းတိုက်တွေ မရှိပါဘူး။ သာမန်လေ့ကျင့်တဲ့ လက်နက်တွေနဲ့ပဲ ကျနော်တို့ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။” ဟု ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ BBC သတင်းဌာနကို ဖြေဆိုတဲ့အခါ မုန်လိုင်ခက်မှာ KIA ရဲ့ ခဲယမ်းသိုလှောင်ထားတဲ့ဂိုဒေါင် ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကတော့ မုန်လိုင်ခက်မှာ ၂၀၁၇ နောက်ပိုင်းတွင် ဆေးရုံဖွင့်ခဲ့ပြီး ကိုးဗစ်ဖြစ်တဲ့ကာလမှာ ကိုဗစ်စင်တာအဖြစ် ကိုဗစ်လူနာတွေကို ထားခဲ့တဲ့နေရာဖြစ်ကြောင်း၊ ဘေးနေရာမှာ အများပြည်သူ ကားအဝင်အထွက် လုပ်တဲ့နေရာကွင်းပြင်ရှိသလို၊ အုပ်ထောင်စု (၁၆၉) နဲ့ စစ်ရှောင်ပြည်သူ ရှစ်ရာနဲ့ ငါးဆယ်ခြောက်ဦး ခိုလှုံနေတဲ့ စစ်ရှောင်စခန်းလည်းရှိတဲ့အပြင် အိမ်ခြေ ၆၀ လောက်ရှိတဲ့ရွာနဲ့ ဆက်နေတဲ့နေရာ ဖြစ်ကြောင်း ရှင်းပြထားတာကိုတွေ့ရပါတယ်။
စစ်ကောင်စီပြောသလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်ပျက်ခဲ့တဲ့နေရာက လူပေါင်းတစ်ထောင်နီးပါဟာ ငြိမ်းခံနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲတာကြောင့် အများမြင်သာနေတဲ့အရာဖြစ်နေလို့ တရုတ်အပါအဝင် သံသမန်တွေကိုပဲလိုအပ်တဲ့ အထောက်အထားတွေ ပို့ခဲ့တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး “နယ်စပ်တလျှောက်မှာ သူ့ရဲ့ ရေဒါစခန်းတွေ ရှိပါတယ်။ အဲတော့ နယ်စပ်တလျှောက်မှာ ဘာဖြစ်သလဲဆိုတာ ကျနော်တို့ကို မမေးဘဲနဲ့ အကုန်သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်” လို့လည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောခဲ့ပါတယ်။
ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မုန်လိုင်ခက်ကျေးရွာထဲကို ဆက်လက်ကျရောက် ပေါက်ကွဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မုန်လိုင်ခက်ဖြစ်စဉ်အပြီး ရက်ပေါင်း ၂၀ အကြာမှာတော့ လိုင်ဇာမြို့အနီးကို လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဗန်းမော် – မြစ်ကြီးနားကားလမ်းမပေါ်က ဂန်ဒေါင်ယန်စခန်းကို အောက်တိုဘာ ၃၁ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်၊ ညနေ ၆ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်၊ ရှအစ်ယန်စစ်ရှောင်စခန်းအနီးမှာရှိတဲ့ ပါဂျောင်ကျေးရွာဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
===