“ဝ” အဖွဲ့က ဘက်လိုက်ပါဝင်ခြင်းပြုမည် မဟုတ်သော်လည်း ဒေသအတွင်း ဝင်ရောက်လာသည့် ဒုက္ခသည်များကို အကူအညီပေးသွားမည်ဟု ဆို
1 November 2023 – Kachinwaves
“ဝ”တပ်မတော်က အရပ်သားအားလုံး၏ အသက်နှင့် အိုးအိမ် လုံခြုံရေးကို ခြွင်းချက်မရှိ အကာအကွယ် ပေးသွားမည်ဖြစ်ပြီး၊ လေကြောင်း၊ ကြည်းကြောင်းများဖြင့် ကျူးကျော်လာမှုမှ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်ဘာသာစကားဖြင့် ယနေ့ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အောက်တိုဘာ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ဘက်မလိုက်သည့်မူဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်က “ဝ”နှင့် မိုင်းလားသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးသည်ဟု ယခုရက်ပိုင်းအတွင်းမှာပဲ ပြောဆိုခဲ့သည်။
“ဝ”နှင့် မိုင်းလားသည် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့်အတွက် စစ်တပ်ကဝင်လျှင် တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်မီဒီယာနှင့် အင်တာဗျူမှာ ပြောဆိုခဲ့သည်။
“ဝ” နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် ဒုက္ခသည်များကို ချွင်းချက်မရှိ အကူအညီပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ယနေ့ ထုတ်ပြန်ချက်၌ ပါရှိသည်။