စစ်ကောင်စီစခန်းတစ်ခု အချိန်မီအညံ့ခံခဲ့၍ စစ်သားအားလုံး အသက်ချမ်းသာရာရပြီး ဘေးကင်းစွာ နေရာချထားပေးသည်ဟုဆို
1 November 2023 – Kachinwaves
စစ်ကောင်စီတပ်၏ အင်အား ၅၀ ရှိသော စခန်းတစ်ခုသည် ညီနောင်မဟာမိတ်တို့ထံ အောက်တိုဘာ ၃၀ ရက်နေ့၌ အချိန်မီအညံ့ခံခဲ့သောကြောင့် ၎င်းစခန်းမှ စစ်သားများအားလုံး အသက်ချမ်းသာရာရပြီး လုံခြုံစွာနေရာချထားပေးကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီ၏ အင်အား (၅၀) ရှိသော တပ်စခန်း တစ်ခုလုံးကို မိမိတို့အနေဖြင့် (၂) နာရီအတွင်း ချေမှုန်း၍ရနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့သောကြောင့် တစ်ယောက်မကျန် အသက်ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာ နေရာချပေးပြီ ဖြစ်သည်။”ဟု ဆိုသည်။
ငါးရက်တာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း (၈၀) ကျော် သိမ်းဆည်းနိုင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်း၊ သိန္နီမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း ယမန်နေ့ထုတ်ပြန်ချက်၌ ပါရှိသည်။
၎င်းတို့ထံ လက်နက်ချ၊ အလင်းဝင်ရောက်လာမည်ဆိုလျှင် အသက်လုံခြုံရေးကို အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်အောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိသားစုနှင့် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်၊ လမ်းခရီးစားရိတ်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားပါသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့၏ “၁၀၂၇ စစ်ဆင်ရေး”ကို အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ထုတ်ပြန်ကြေညာကာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။