လေးရက်အတွင်း စကစ စခန်းပေါင်း ၆၇ ခုသိမ်းပိုက်ခံရ၊ MNDAA က ချင်းရွှေဟော်မြို့ကို လွတ်မြောက်နယ်မြေ ကြေညာ၊ ပြည်သူ့စစ်အဖွဲ့အချို့ကို စည်းရုံးဖွဲ့စည်းနိုင်
Operation 1027 နောက်ဆုံးထုတ်ပြန်ချက်များ။
30 October 2023 – Kachinwaves
ယနေ့တစ်ရက်တည်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် MNDAA (ကိုးကန့်တပ်ဖွဲ့)မှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၁ ခု သိမ်းယူနိုင်ပြီး၊ ၁၀၂၇ စစ်ဆင်ရေး လေးရက်တာအတွင်း စစ်ကောင်စီပြည်သူ့စစ်နှင့် တပ်စခန်းပေါင်း ၆၇ ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် MNDAA ၏ ကိုးကန့်မီဒီယာက ချင်းရွှေဟော်မြို့ကို လွတ်မြောက်နယ်မြေအဖြစ် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။
၃ ရက်တာ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခံရသည့် စစ်ကောင်စီတပ်၏ တပ်စခန်းများမှာ စစ်တပ်က (၁၀) နှစ်ကျော်ကြာ စခန်းချတပ်စွဲထားသည့် နေရာများဖြစ်သည်ဟု ဆိုသည်။
စစ်တပ်က ဆယ်နှစ်ကျော်စခန်းထိုင်ခဲ့သည့် ရန်သက်ရှမ်း(ရန်တော်စံ)စခန်းကို “MNDAA ပူးပေါင်းတပ်ဖွဲ့သည် ရန်သက်ရှမ်း (ရန်တော်စံ)တပ်စခန်းကို နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် (၂၉) ရက်နေ့လည် ၁၂ နာရီအချိန်တွင် ၎င်းတပ်စခန်းကြီးကိုသိမ်းယူခဲ့ပါသည်။”ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း သိမ်းပိုက်ခံရသည့် တပ်စခန်းများသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ယနေ့ တိုက်ပွဲတွင် “လက်နက်ကြီး တပ်ဆင်ထားသော သံချပ်ကာကားတစ်စီးကို ထပ်မံဖျက်ဆီးခဲ့ပါသည်။”ဟု ကိုးကန့်မီဒီယာက ဆိုသည်။ စစ်ဆင်ရေးအတွင်း ပြည်သူ့စစ်အဖွဲ့အချို့ကိုလည်း စည်းရုံးဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်ကြားများတွင် မိုင်းထောင်ထားပြီး အောက်တိုဘာ ၂၈ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ (၁၂၈) ဗျူဟာကုန်းမှ ဒုဗျူဟာမှူးသည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
===
ပုံ – The Kokang