“ဝ”နှင့် မိုင်းလားသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးသည်ဟု စစ်ကောင်စီဆို
30 October 2023 – Kachinwaves
“ဝ”နှင့် မိုင်းလားသည် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့်အတွက် စစ်တပ်ကဝင်လျှင် တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media နှင့် အင်တာဗျူမှာ ပြောဆိုထားပါသည်။
“ဝ”နှင့် မိုင်းလားသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးသည်ဟုလည်း ဆိုပါသည်။
” ‘ဝ’ နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူး ဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှ မရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ် စကားပြောတတ်သူသာများပြီး မြန်မာစကား ပြောတတ်သူရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီ အခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။” ဟု ဖြေကြားထားသည်။
Online လိမ်လည်သည့်သူများအား အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး “ဝ” နှင့် မိုင်းလားဒေသသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ကိုးကန့်ဒေသကတော့ ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှာရှိသည့်အတွက် ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိကြောင်းပြောပါသည်။
“ဖမ်းဆီးရမိခဲ့တာတော့ ၁ ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောက်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်း မျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါသည်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ၏ရည်ရွယ်ချက်၌လည်း Online Game (ကျဖင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်နိုင်ရေးဟု အချက်တစ်ချက်ပါရှိသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဝ”နှင့် မိုင်းလား ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိကြောင်းလည်း ပြောပါသည်။
“ဝ” နှင့် မိုင်းလား ဒေသတွင် ပေါ်ပေါက်ခဲ့သည့် ပြသနာနှင့် ပတ်သက်၍ “အဲဒီနယ်ထဲမှာ (တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘာလို့ သမိုင်းကြောင်းကို ပြန်ပြောလဲဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါသည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
===
Source: CINCDS
===
ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ
The Irrawaddy – Burmese Edition (Page) မှ ယူသုံးထားသည်။