ရှမ်းမြောက်တိုက်ပွဲများကြောင့် ကလေးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး၊ စစ်ရှောင်ပြည်သူ ၆ ထောင်ကျော်လာကြောင်း UN OCHA ထုတ်ပြန်
30 October 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၈ နယ်တွင် တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ ထိုးစစ်ဆင်မှုများကြောင့် ကလေးများအပါအဝင် အရပ်သားများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ယနေ့ ထုတ်ပြန်သည့် ကနဦးထုတ်ပြန်ချက်၌ တွေ့ရသည်။
ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်များတွင် ကလေး ၂ ဦးအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးပြီး၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ရှောင်နေရသူများလည်း ရှိကြောင်း ထုတ်ပြန်ထားသည်။
အနည်းဆုံး လူပေါင်း ၆၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ၎င်းတို့အနက် အယောက် (၁၀၀၀) ခန့်သည် တောတောင်များ၌ ပုန်းရှောင်နေရပြီး အယောက် (၅၀၀၀) ကျော်သည် ယာယီနေရာများနှင့် ဘာသာရေးအဆောက်အဦးများတွင် ခိုလှုံနေရသည်ဟု ဆိုသည်။
လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့မှ အယောက် ၅၀၀ ခန့်သည်လည်း တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။
လားရှိုး ပြည်တွင်းလေကြောင်း ခရီးစဉ်များလည်း အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရပ်ဆိုင်းထားကြောင်း လေဆိပ်တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်ဟု ဆိုသည်။ ကွတ်ခိုင်မြို့တွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။
သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဖုန်းဆက်သွယ်ရေးများကိုလည်း ကန့်သတ်ထားသည်ဟု UN OCHA က ဆိုသည်။