ကိုးကန့်အဖွဲ့များအပါအဝင် စစ်ကောင်စီဝန်ထမ်းများ အလင်းဝင်ရန် MNDAA သတိပေးချက်ထုတ်ပြန်
28 October 2023 – Kachinwaves
စစ်ကောင်စီလက်အောက်က “ကိုးကန့်ရုပ်သေးအဖွဲ့”အပါအဝင် စစ်ကောင်စီစစ်သား၊ ရဲနှင့် ဝန်ထမ်းများ MNTJP/MNDAA ထံအလင်းဝင်ရောက်လာရန် MNDAA (ကိုးကန့်အဖွဲ့) က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်ကို တွေ့ရှိရသည်။
MNTJP/MNDAA ၏ ရှမ်းပြည်နယ်အထူးဒေသ (၁) စစ်အုပ်ချုပ်ရေးကော်မတီက အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အလင်းဝင်လာသူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးမည်ဖြစ်ပြီး ဆန့်ကျင်သူများကို ပြင်းထန်စွာအရေးယူသွားမည်ဟု ပါရှိသည်။
“ကိုးကန့်ရုပ်သေးအဖွဲ့၏ အဆင့်ဆင့်သောအုပ်ချုပ်ရေးနှင့် ဌာနဝန်ထမ်းများအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သော စာရွက်စာတမ်း၊ ဓါတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနှင့် ငွေကြေးများကို ကောင်းမွန်စွာထိန်းသိမ်းထားရမည်။”ဟု သတိပေးချက်၌ ပါရှိသည်။
အဆိုပါအချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးပါက ပြင်းထန်စွာအရေးယူမည်ဟုပါရှိသလို ထိန်းသိမ်းကာကွယ်သော်လည်း ပျက်စီးသွားပါက တိုက်ပွဲအပြီးတွင် တာဝန်မကျေမှုဖြင့် အရေးယူမည်ဟုလည်း ပါရှိသည်။
ဝရမ်းထုတ်ခံရသူများ၏ ကိုယ်ရံတော်၊ စာရင်းကိုင်နှင့် မိသားစုများကလည်း MNTJP/MNDAA ထံသတင်းပေးရန် အချက်ပါရှိသည်။ ၎င်းတို့ကို ကာကွယ်ဝှက်ထားခြင်း လွတ်မြောက်ရန်ကူညီခြင်းများ ပြုလုပ်လျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆိုသည်။
စစ်သုံ့ပမ်းများကို ဂရုတစိုက်စောင့်ရှောက်ရေးဟူသောမူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက်လည်း အကျုံးဝင်သည်ဟု ထုတ်ပြန်ထားသည်။