ရှမ်းမြောက်ပိုင်း လမ်းပိုင်း ၂ ခုကို ပိတ်ပင်ပြီးနောက် လားရှိုး – ဟိုပိတ်တိုးဂိတ်၌ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီရဲနှင့် ပြည်သူ့စစ်များ သေဆုံး
27 October 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – ချင်းရွှေဟော်လမ်း၊ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းကို ယနေ့ နံနက် ၆ နာရီမှစ၍ MNDAA ကိုးကန့်တပ်က အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်လိုက်ပြီး၊ လားရှိုး – ဟိုပိတ်တိုးဂိတ်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟိုပိတ်တိုးဂိတ်ပစ်ခတ်မှုသည် ပစ်ခတ်မှုကြောင့် ပျက်စီးနေပြီး စစ်ကောင်စီရဲနှင့် ပြည်သူ့စစ်များ သေဆုံးနေသည်ကို ရုပ်သံနှင့် ဓါတ်ပုံများမှာတွေ့မြင်နေရသည်။ The Kokang မီဒီယာကလည်း ယနေ့နံနက် လားရှိုးနှင့် ချင်းရွှေဟော်မှာ တိုက်ပွဲပြင်းထန်ကြောင်း ဖော်ပြထားသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ စစ်ရေးကော်မတီက အွန်လိုင်းငွေလိမ်မှု (ကျဖင့်) ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်အတွက်နှင့် အွန်လိုင်းငွေလိမ်မှုကုမ္ပဏီကို အကာအကွယ်ပေးနေသော အင်အားစုတို့ လားရှိုးမှတဆင့် အင်းအားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက် ပြည်ထောင်စုလမ်မပိုင်း (၂) ခုကို ယာယီပိတ်ပင်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့၍ မဟာမိတ်တပ်သားများအပါအဝင် ကျဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိကြောင်း သိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က KIA၊ TNLA နှင့် MNDAA တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေရပြီး တပ်စခန်းများ လက်လွတ်နေရသည်။