စစ်ကိုင်း ထီးချိုင့်ဘက်လည်း စစ်ကောင်စီစစ်ကြောင်း အထိနာ အသေအပျောက်ရှိ
27 October 2023 – Kachinwaves
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့နံနက်ကစပြီး စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊ ဝန်သိုမြို့နယ်၊ ကောလင်းမြို့နယ်၊ အင်းတော်မြို့နယ်တို့နှင့် ထိစပ်နေသည့် မင်းဝံတောင်တန်းပေါ်ရှိ AA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့၏ စခန်းကို စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ရာမှ ယနေ့နံနက် ၆ နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အင်အားက ၁၈၀ လောက်ရှိတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိဘူး။ စစ်ကောင်စီဘက်ကတော့ တော်တော်ကျတယ်။ အဲ့တာကြောင့် လေယာဉ်နဲ့လာပစ်တာ”
နံနက် ၁၁ နာရီဝန်းကျင်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာ မင်းဝံတောင်တန်းပေါ်တွင် လာရောက်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထို့အပြင် ထီးချိုင့်မြို့အတွင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်အင်အားဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြက်သွန်ခင်းကျေးရွာနှင့် မိချောင်းအိုက်ကျေးရွာကြားတွင် KIA တပ်မဟာ (၉) ရှေ့တန်းတပ်ရင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
“ကောလင်းဘက်က ထွက်လာတဲ့ကောင် (စစ်ကောင်စီစစ်ကြောင်း) နဲ့ ထီးချိုင့်ဘက်ကကောင်နဲ့ မင်းဝံတောင်မှာ ညပ်မယ့်ဟာကို မိချောင်းအိုက်နားမှာ kIA က ဖြတ်တိုက်လိုက်တာ။ လောလောဆယ်တော့ မိချောင်းအိုက်ရွာက အိမ်နားလေးမှာ ခွေးသေကောင်တစ်ကောင် (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဦးနှောက်တွေထွက်လို့ တွေ့တယ်”
တိုက်ပွဲမှာ ယနေ့ညနေ ၅ နာရီအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် မည်မျှသေဆုံးသည်ကို လတ်တလောအတည်မပြုနိုင်သေးကြောင်း ဆိုသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတဝိုက်ရှိ ညောင်ပင်သာကျေးရွာဆေးရုံ၊ ကျောက်အိုက်ရွာ၊ တောမရွာ၊ ဒိုးပင်ကျေးရွာဘုန်းကြီးကျောင်း၊ ဘိုထုံးကွင်းနှင့် တောင်မော်ကျေးရွာတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
လေကြောင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်သည့်အတွက် ဒိုးပင်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းအိမ်ရှိ ကျွဲတစ်ကောင်နှင့် နွားတစ်ကောင်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားရာကြက်သွန်ခင်းနှင့် မိချောင်အိုက်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။