ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူများ ကျောက်စိမ်းသယ်ယူနေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်မှုလုပ်ခဲ့
26 October 2023 – Kachinwaves
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း ယနေ့မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖားကန့်မြို့အတွင်း နေထိုင်ကြသည့် အရပ်သားပြည်သူများက မြန်မာသူရကျောက်မျက်ကုမ္ပဏီဝင်းအတွင်းရှိ ကျောက်စိမ်းနှင့် ပစ္စည်းများကို သွားရောက်သယ်ယူနေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ကား သုံး၊ လေးစီးနဲ့ဝင်လာပြီး သေနတ်တွေနဲ့ ရမ်းပစ်တာ။ ပြည်သူတွေ ပြေးလာကြတယ်လို့ ပြောတယ်။ ထိတဲ့သူတွေလည်း ရှိတယ်တဲ့”
အခြားဒေသခံတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပွားစဉ် တိုးဝှေ့ပြေးကြရာမှ ဒဏ်ရာရသူများသာရှိကြောင်း ဆိုသည်။
ဒဏ်ရာရရှိသူ အရေအတွက်မည်မျှရှိပြီး မည်သည့်အကြောင်းအရင်းကြောင့် ထိခိုက်ရသည်ကိုမူ Kachinwaves က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဖားကန့်မြို့အဝင်ရှိ ပန်းတင်တံတားကို ယာယီ ပိတ်ဆို့ခဲ့ကြောင်းလည်း သိရှိရသည်။
စစ်ကောင်စီ ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကျောက်မျက်ကုမ္ပဏီဝင်းကို ယမန်နေ့ညက KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးခဲ့ရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကုမ္ပဏီဝင်းပိုင်ရှင် ဦးကျော်သူရသည် ၂၀၂၂ ခုနှစ် ဩဂုတ်လက PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပိုင်ဆိုင်မှူအလုံးစုံကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူခြင်းခံခဲ့ရသည်။