စစ်ကောင်စီက မြစ်ကြီးနား – မိုးကောင်း မီးရထားပြန်လည် ပြေးဆွဲရန် စီစဉ်လာမှု စစ်ရေးအတွက် အသုံးချလာနိုင်၍ စိုးရိမ်သူများရှိနေ
26 October 2023 – Kachinwaves
ယခုလာမည့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား – မိုးကောင်း – မြစ်ကြီးနား မီးရထားပြေးဆွဲနိုင်ရန် စစ်ကောင်စီက ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့်အတွက် နှစ်နှစ်ကျော်ကြာ ရပ်တန့်ထားရသည့် မြန်မာပြည်မြောက်ပိုင်း မီးရထားဆက်သွယ်ရေးလမ်းကို ပြန်လည်အသက်သွင်းရန် စစ်ကောင်စီက စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၅ ရက်နေ့ (ယမန်နေ့) နံနက် ၁၁ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ရထားတွဲငါးတွဲပါ ကုန်တင်ရထားကို မြစ်ကြီးနားဘူတာမှ စတင်မောင်းနှင်ခဲ့ကြောင်း မြစ်ကြီးနား ဒေသခံတစ်ဦးက ဆိုသည်။
“ရထားက မိုးကောင်းဘက် ထွက်သွားတာ တွဲ ၅ တွဲလောက်ပါတယ်။ ကုန်ရထား၊ စစ်တပ်အပြည့်ပါ”
လတ်တလောကာလတွင် မြန်မာပြည်မြောက်ပိုင်း မီးရထားလမ်းဆုံးမြို့ဖြစ်သည့် မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့အထိသာ မီးရထားပြေးဆွဲရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် စစ်ကိုင်း – ကချင်ပြည်နယ်အစပ်ရှိ မိုးညှင်းမြို့နယ်အထိ ပြေးဆွဲလာနိုင်ကြောင်း ၎င်းကခန့်မှန်း ပြောဆိုသည်။
မီးရထားပြေးဆွဲခြင်းအားဖြင့် ပြည်သူများအတွက် ကုန်သွယ်ရေး၊ ဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ငွေကြေးကုန်ကျမှု နည်းပါးလာနိုင်သော်လည်း အဆိုပါအခြေအနေကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး စစ်ရေးအတွက် အသုံးချလာမည်ကို စိုးရိမ်မိကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဖြစ်သင့်တယ်လို့တော့ မယူဆပါဘူး။ ဘေးမကင်းတာရယ်၊ မီးရထားကိုအသုံးချပြီး ပြည်သူတွေကို ပိုပြီးအနိုင်ကျင့်ကြမှာတော့ မြင်တယ်။ တပ်ပြောင်း၊ တပ်ရွှေ့တွေကအစ လုပ်လာကြမှာပေါ့”
အရပ်သားပြည်သူဗန်းပြပြီး စစ်ရေးအတွက် အသုံးချလာမည်ကို စိုးရိမ်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း မီးရထားလမ်းကို အသုံးပြုမရအောင် ဖြတ်တောက်ခြင်းတို့ လုပ်ဆောင်နေကြောင်း သိရှိရသည်။
စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းတွင်လည်း မီးရထားပြေးဆွဲနိုင်ရန် စီစဉ်နေပြီး မီးရထားဖြတ်သန်းရာ သံလမ်းတလျှောက်ရှိကျေးရွာများကို ဇူလိုင်လကုန်ပိုင်းကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ခြင်းဖြင့် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း ပြည်တွင်းသတင်း မီဒီယာဌာနများက ဖော်ပြခဲ့ကြသည်။