ကျောက်စိမ်းကုမ္ပဏီဝင်းထဲ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ
26 October 2023 – Kachinwaves
တော်လှန်ရေး အဖွဲအစည်းများကို ထောက်ပံ့သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံရသည့် ဦးကျော်သူရ၏ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ည ၁၁ ဝန်းကျင်က KIA၊ KPDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စခန်းကို ဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KPDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“မြန်မာသူရကုမ္ပဏီထဲမှာ စစ်ကောင်စီတွေက တပ်စွဲထားတာ။ အဲ့တာကိုဝင်တိုက်တာ။ စစ်ကောင်စီဘက်က ပစ္စည်းတွေတော့ ရတယ်။ ကျည်ဆံတွေတော့ရတယ်”
ကုမ္ပဏီဝင်းအတွင်းရှိ စစ်ကောင်စီ ရဲနှင့်စစ်သားတို့ တပ်စွဲထားသည့်နေရာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်း၊ ရဲစခန်းနှင့် ကျောက်စိမ်းတောင်တံတားမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ငှက်ပျောတောရပ်ကွက်မှ အရပ်သားနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေ ါက်ကွဲခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာ၊ စစ်ကောင်စီတပ်စွဲထားသည့် မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းပိုင်ရှင် ဦးကျော်သူရမှာ ၂၀၂၂ ဩဂုတ်လ ၂၂ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပိုင်ဆိုင်မှုများအားလုံးကို ချိတ်ပိတ်ခံခဲ့ရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က လူပေါင်း ၆၀ ကျော် သေဆုံးစေခဲ့သည့် ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာခန်းမကို ကေအိုင်အို နှစ်ပတ်လည် အထိမ်းအမှတ် အကြိုနေ့တွင် စစ်ကောင်စီတပ် ဗုံးကြဲချခဲ့သည့်ဖြစ်စဉ်အပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။
ယခုနှစ် အောက်တိုဘာ ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအတွင်း စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။
===