KIA က မဟာမိတ်အသီးသီးနှင့် တာဝန်ရှိတပ်မှူးများ အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုသဝဏ်လွှာပေးပို့
25 October 2023 – Kachinwaves
KIA စစ်ဦးစီးချုပ်မှ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာကို လက်ခံရရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မြစ်ကြီးနား – ဗန်းမော်လမ်းကြောတလျှောက် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသအတွင်း စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA – Burma) တို့ကို KIA စစ်ဦးစီးချုပ်မှ အောက်တိုဘာ ၂၂ ရက်နေ့ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် “မိမိတို့ KIA တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF တပ်ဖွဲ့ဝင်များနှင့် အတူ တကွလက်တွဲ၍ မိမိအသက်ကို ပဓာဏမထားပဲ စွန့်လွတ်၊ စွန့်စားတိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်မဟာမိတ်အသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း” ပါရှိသည်။